Germany

ဂျာမနီနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ၀.၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း နောက်ဆုံး ထုတ်ပြန်ခဲ့သော အချက်အလက်များက ဖော်ပြ

Last Updated:

ဂျာမနီနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ၀.၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း The Federal Statistics Agency (Destatis) က ၁၅-၁-၂၀၂၄ ရက်တွင် ပြောကြားခဲ့သည်။ ယခုကြေညာချက်သည် လအတန်ကြာဖြစ်ပေါ်နေခဲ့သော ငွေကြေး ဖောင်းပွမှုအပြင် ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား နှေးကွေးလာခြင်းတို့ကြောင့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အကျပ်အတည်းများစွာ ဖုံးလွှမ်းနေသည့် ပတ်ဝန်းကျင်တစ်ခုတွင်ရှိနေသော ဂျာမနီနိုင်ငံတွင်  ၂၀၂၃ ခုနှစ်၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလုံးစုံ ကျဆင်းခဲ့သည်ဟု Destatis ၏ ဥက္ကဌ ဖြစ်သူ Ms. Ruth Brand က ဘာလင်တွင် ပြောကြားခဲ့သည်။ ရုန်းကန်ခဲ့ရသောကဏ္ဍများတွင် မော်တော်ယာဉ် ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းတို့ ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Destatis မှ ကနဦးထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများတွင် ဂျာမနီ၏ ဂျီဒီပီကို ၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်၌ ၀.၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း တွက်ချက် ဖော်ပြထားသည်။ သို့သော်လည်း ဂျာမနီအနေဖြင့် သုံးလပတ်နှစ်ပတ်ဆက်တိုက် အနုတ်လက္ခဏာဆောင်ခဲ့ဖူးသော စီးပွားရေးကျဆင်းမှုအခြေအနေမျိုးမှ ရှောင်ရှားနိုင်ခဲ့ပြီ ဖြစ်ပါသည်။

ထိုသို့ဖြစ်ရခြင်းမှာ ၁၅-၁-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့သောကြေညာချက်၌ Destatis သည် တတိယသုံးလပတ်တွက်ချက်မှုများကို ၀.၁ ရာခိုင်နှုန်းအထိ စီးပွားရေးကျုံ့နေခြင်းဟု ဖော်ပြ ထားရာမှ တုံ့ဆိုင်းသွားခဲ့ခြင်းဟု ပြန်လည်ပြင်ဆင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)က ဂျာမနီသည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများထဲမှ စီးပွားရေးကျဆင်းမှုကို စံချိန်တင်ရမည့် တစ်ခုတည်းသော နိုင်ငံဖြစ် လိမ့်မည်ဟု ယခင်ကတည်းက ခန့်မှန်းထားခဲ့သည်။ လာမည့်နှစ်တွင်လည်း စီးပွားရေး ပြန်လည် ကောင်းမွန်လာမှု အားနည်းနေဆဲဖြစ်မည်ဟု IMF က ခန့်မှန်းထားပါသည်။ ဂျာမနီနိုင်ငံ၏ ဗဟိုဘဏ် (Bundesbank) ကမူ ဂျာမနီ၏ စီးပွားရေးတိုးတက်မှုနှုန်းကို ၀.၄ ရာခိုင်နှုန်း ရှိမည်ဟု မကြာသေးမီက ခန့်မှန်းထားခဲ့ပါသည်။

၂၀၂၄ ခုနှစ်တွင် ဂျာမနီ၏ စီးပွားရေးအတွက် မျှော်လင့်ချက် ရောင်ခြည်လှိုင်းတစ်ခုကို တွေ့မြင်နေရပြီဖြစ်ကြောင်း Germany's National Development Bank (KfW) မှ စီးပွားရေးပညာရှင် Ms. Fritzi Koehler-Geib က ပြောကြားခဲ့သည်။ လုပ်အားခ အမှန်တကယ် တိုးမြှင့်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ယင်းသို့ တိုးမြှင့်ပေးခဲ့မှုကြောင့် ပုဂ္ဂလိက စားသုံးမှုများ ပြန်လည်တိုးတက်လာနိုင်ဖွယ်ရှိကြောင်းနှင့် ပို့ကုန်ကဏ္ဍတွင်လည်း ဝယ်လိုအားပြန်လည် ကောင်းမွန်လာမှုနှင့်အတူ နိုင်ငံ၏ ဂျီဒီပီသည်လည်း လိုက်ပါတိုးတက်လာနိုင်ဖွယ်ရှိကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။ ငွေကြေးဖောင်းပွမှုကို နှစ်စဉ်ပျမ်းမျှ ၂ ရာခိုင်နှုန်း ဝန်းကျင် သို့ ပြန်လည်ရောက်ရှိရန် မျှော်မှန်းထားကြောင်း၊ ဆိုလိုသည်မှာ ဂျာမနီတွင်ငွေကြေးဖောင်းပွမှု မြင့်မားခဲ့သည့် ကာလပြီးဆုံးသွားပြီးနောက် ဖောင်းပွမှုနှုန်း တဖြည်းဖြည်းကျဆင်းလာလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

 

 

 

Source:         https://www.dw.com/en/germanys-economy-shrank-by-03-in-2023-latest-data-shows/a-67981023

(စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany