China(Beijing)

၂၀၂၃ ခုနှစ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကမ္ဘာ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် လည်ပတ်မှု၏ အဓိကမောင်းနှင်အားဖြစ်ခဲ့

Last Updated:

ယခင်နှစ်က ကမ္ဘာ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုကို အရှိန်အဟုန်ဖြင့် ချဲ့ထွင်ခဲ့ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အဓိကကျသည့် နေရာတွင်ရှိခဲ့ကြောင်း၊ ၎င်း၏ထုတ်လုပ်နိုင်မှုမှာ ၅၀ ရာခိုင်နှုန်း၊ ၅၁၀ gigawatt(GW) အထိရှိခဲ့ကြောင်း၊ ကမ္ဘာအနှံ့အပြား၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဆောင်ရွက်မှုများမြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံ၏ အရှိန်အဟုန်ဖြင့် လျင်မြန်စွာ တိုးတက်လာခြင်းသည်လည်း အစိမ်းရောင်စွမ်းအင်ကို လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်ကထက် ပိုမိုမြန်ဆန်စွာ ထုတ်လုပ်နိုင်သည့် အကြောင်းအရင်းဖြစ်ကြောင်း နိုင်ငံတကာစွမ်းအင် အေဂျင်စီ၏ အစီရင်ခံစာအသစ်တွင် ဖော်ပြခဲ့သည်ဟု သိရှိရပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နယ်ပယ်တွင် လွှမ်းမိုးလျက်ရှိပြီး ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းတို့ထက် ကုန်ကျစရိတ်သက်သာသဖြင့် ပိုမိုဆွဲဆောင်နိုင်သောကြောင့် လာမည့်ငါးနှစ်တာကာလအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှု ပိုမိုလာနိုင်ကြောင်း၊ တရုတ်နိုင်ငံသည် နေစွမ်းအင်နှင့် လေစွမ်းအင် ထုတ်လုပ်သူများအတွက် ဝင်ငွေရရှိစေမည့် အစိမ်းရောင် စွမ်းအင်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များနှင့် စပ်လျဉ်းသည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းစွာ ထုတ်ပြန်ဖော်ပြထားပြီး ၎င်း၏ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြှင့်တင်နိုင်ရေးဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီ၏ ပြောကြားချက်အရ သိရှိရပါသည်။

တရုတ်လေစွမ်းအင်ဆိုင်ရာအဖွဲ့အစည်း၏ အထွေထွေအတွင်းရေးမှူး Mr. Qin Haiyan ၏ အဆိုအရ တရုတ်နိုင်ငံ၌ လေစွမ်းအင်အပါအဝင် သန့်ရှင်းသော အစိမ်းရောင်စွမ်းအင်များအား ယခင်လျှပ်စစ် ဓာတ်အားကို ကျောက်မီးသွေး၊ ရုပ်ကြွင်းလောင်စာများမှ ထုတ်လုပ်သည့်ပုံစံများနှင့် နှိုင်းယှဉ်ကြည့်ပါကဈေးသက်သာသောကြောင့် ပိုမိုနှစ်သက်ကြကြောင်း၊ လုပ်ငန်းနယ်ပယ်ဆိုင်ရာ ပံ့ပိုးမှုပေးသည့် မူဝါဒများကလည်း နှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခြင်း၏ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ နိုင်ငံအနေဖြင့်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတို့ကို ဦးဆောင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည်  ၁.၄၅ ဘီလီယံ ကီလိုဝပ်ထက်ကျော်လွန်ခဲ့ပြီး နိုင်ငံစုစုပေါင်းလျှပ်စစ်ဓာတ်အား တပ်ဆင်ထုတ်လုပ်နိုင်မှုပမာဏ၏ ၅၀ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုဌာန၏ ထုတ်ပြန်ထားသော အချက်အလက်များအရ သိရှိရပါသည်။

၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စိမ်းလန်းသောစွမ်းအင် အသွင်ကူးပြောင်းမှုတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် နိုင်ငံတွင်း လျှပ်စစ်ဓာတ်အားရရှိရေး သေချာမှုရှိစေသည့် စွမ်းအားသစ်ဖြစ်လာခဲ့ကြောင်း၊ ယခုအခါ လေနှင့် နေရောင်ခြည်ကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များမှထွက်ရှိသော လျှပ်စစ်ဓာတ်အားသည် နိုင်ငံစုစုပေါင်းလျှပ်စစ်သုံးစွဲမှု၏ ၁၅ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ Bloomberg NEF မှ China Research အကြီးအကဲ Kou Nannan က မူဝါဒပံ့ပိုးမှုနှင့် လျှပ်စစ်စွမ်းအင် စျေးကွက်ပြုပြင်ပြောင်းလဲမှုအပြင် စွမ်းအင်သိုလှောင်မှုနှင့် မဟာဓာတ်အားလိုင်း အဆင့်မြှင့်တင်ခြင်း၊ ချဲ့ထွင်ခြင်းကဲ့သို့သော အခြေခံအဆောက်အအုံများ၌ ရင်းနှီးမြှုပ်နှံမှုများသည် တရုတ်နိုင်ငံ၏ ကာဗွန်လျော့ချ၍ အစိမ်းရောင်စွမ်းအင် အရှိန်မြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်ခဲ့သည်ဟုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံတကာစွမ်းအင်အေဂျင်စီ၏ အဆိုအရ အမေရိကန်နှင့် ဥရောပနိုင်ငံများက မကြာမီက မူဝါဒနှင့် ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သော်လည်း တရုတ်နိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ဖြန့်ကျက်အသုံးပြုရာတွင် ကျန်ကမ္ဘာ့နိုင်ငံများအပေါ် တိုးချဲ့အသုံးပြုနိုင်သည့် လမ်းကြောင်းပေါ်တွင်ရှိနေကြောင်း သိရှိရပါသည်။

ရှေ့လာမည့်ကာလများအတွက် ကမ္ဘာ့နေရောင်ခြည်စွမ်းအင်သုံး photovoltaic အဓိက ပါဝင်သည့်ကဏ္ဍဆိုင်ရာ ပြန်လည်ခန့်မှန်းချက်တွင်တရုတ်နိုင်ငံသည် ၉၀ ရာခိုင်နှုန်းနီးပါး ပါဝင်နေကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ နိုင်ငံ၏ နေရောင်ခြည်စွမ်းအင်သုံး photovoltaic ထုတ်လုပ်နိုင်မှုဆိုင်ရာ ဒေသန္တရ module စျေးနှုန်းများကို ၅၀ ရာခိုင်နှုန်း နီးပါးလျှော့ချခဲ့ပြီး အသုံးပြုသည့်ပမာဏနှင့် နေရောင်ခြည်စွမ်းအင်သုံး photovoltaic စီမံကိန်းများ စသည့်ကဏ္ဍနှစ်ခုစလုံးကို တိုးချဲ့ကာ စီးပွားရေးဆွဲဆောင်မှုကို မြှင့်တင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံတွင် အခြားသူများ မပိုင်ဆိုင်နိုင်သော အားသာချက်များစွာရှိပြီး သွယ်တန်းထားသော ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းများကို ပိုမိုထိရောက်စွာ အတည်ပြုနိုင်သည့် မူဝါဒပိုင်းဆိုင်ရာ ဦးစားပေးမှုများ၊ ဘဏ္ဍာရေးထောက်ပံ့မှု စီမံကိန်းများက လုပ်ငန်းလွယ်ကူစွာ ဆောင်ရွက်နိုင်သည့် အားသာချက်များဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင်း တရုတ်နိုင်ငံ၌ နေရောင်ခြည် စွမ်းအင်သုံးစွဲမှု နှစ်ဆတိုးလာပြီး လေအားလျှပ်စစ် သုံးစွဲမှုမှာ ယခင်နှစ်ကထက် ၆၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု IEA မှ ပြောကြားထားကြောင်း သိရှိရပါသည်။

လက်ရှိစျေးကွက် အခြေအနေများနှင့် မူဝါဒများအရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ပမာဏသည် ၂၀၂၈ ခုနှစ်တွင် ၇,၃၀၀ GW သို့ရောက်ရှိမည်ဖြစ်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်းရှိ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသစ်သုံးစွဲမှု ၆၀ ရာခိုင်နှုန်းနီးပါးကို ရယူထားမည်ဖြစ်ကြောင်း၊ ၂၀၂၈ ခုနှစ်တွင် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ထက်ဝက်နီးပါးသည် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်မှရယူမည်ဖြစ်ကြောင်း၊ မူဝါဒပံ့ပိုးမှုများဖြင့် အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့တွင် မကြုံစဖူး PV ထုတ်လုပ်မှုချဲ့ထွင်နေသော်လည်း တရုတ်နိုင်ငံသည် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များတလျှောက် ၈၀ မှ ၉၅ ရာခိုင်နှုန်းအထိ ဆက်လက်ထိန်းသိမ်းရန် မျှော်လင့်လျက်ရှိသည်ဟု နိုင်ငံတကာ စွမ်းအင်အေဂျင်စီက ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

 

Source: China drives world renewables capacity addition in 2023 (www.gov.cn)

(ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)

Category: China(Beijing)