Phillippines

၂၀၂၃ ခုနှစ် ပထမ ၆ လပတ်အတွင်း ဆန်ထုတ်လုပ်မှု မြင့်တက်ခဲ့ခြင်းအပေါ် သမ္မတမားကို့စ်မှ အသိအမှတ်ပြုကြောင်း ပြောကြား

Last Updated:

၂၀၂၃ ခုနှစ် ပထမ ၆ လပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ဆန်စပါးထုတ်လုပ်မှု မြင့်တက်လာခဲ့ခြင်းအပေါ် များစွာဂုဏ်ယူဝမ်းမြောက်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဖြစ်သူ နိုင်ငံတော်သမ္မတမားကို့စ်မှ ပြောကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့က အစီရင်ခံစာထုတ်ပြန်ခဲ့ပါသည်။

ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့မှ အတည်ပြုထုတ်ပြန်သည့် ကိန်းဂဏန်း အချက်အလက်များအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ဆန်စပါးထွက်ရှိမှုနှုန်းသည် မက်ထရစ်တန် ၉ သန်းရှိပြီး ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အလားတူကာလက ထွက်ရှိမှုမှာ မက်ထရစ်တန် ၈.၇ သန်း သာရှိခဲ့ပါသဖြင့် အထွက်နှုန်းမြင့်တက်ခဲ့ပါကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးမှ ပြောကြားခဲ့ပါသည်။ စိုက်ပျိုးရေးဝန်ကြီးဌာနမှ အစောပိုင်းကာလများက ခန့်မှန်းထားသည့် နှုန်းထားထက် ပိုမိုတိုးမြင့်ထွက်ရှိခဲ့ပါကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ် အလားတူကာလထက် အထွက်နှုန်း ၃ ရာခိုင်နှုန်း တိုးမြင့်ခဲ့ခြင်းသည် သတင်းကောင်းတစ်ခုလည်းဖြစ်ကြောင်း သမ္မတမားကို့စ်မှ ပြောကြားခဲ့ပါသည်။  ထို့ပြင် စူပါတိုင်ဖွန်းအီးဂေးတိုက်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ယခုကဲ့သို့ စပါးအထွက်နှုန်း မြင့်တက်ခဲ့သည့်အတွက် နိုင်ငံ၏ အရန်ဆန်ရိက္ခာပမာဏလည်း မြင့်တက်ခဲ့ခြင်းကြောင့် ယခုနှစ် နှစ်ကုန်ပိုင်းအထိ လုံလောက်မှုရှိကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်ခံဖြစ်သော ဖိလစ်ပိုင်ဆန်စပါး သတင်းအချက်အလက်များ ထုတ်ပြန်သည့်ဌာန၏ အစောပိုင်းကာလများက ခန့်မှန်းတွက်ချက်ထားသည့် အထွက်နှုန်းမှာ မက်ထရစ်တန် ၈.၇ သန်းဖြစ်သည့်အတွက် ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ အတည်ပြုထုတ်ပြန်သည့် အချက်အလက်အရ အထွက်နှုန်း မက်ထရစ်တန် ၃ သိန်းကျော် ထွက်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

စပါး (Palay) အထွက်နှုန်း မက်ထရစ်တန် ၉ သန်းသည်  ကြိတ်ခွဲပြီးဆန် (Well milled rice) မက်ထရစ်တန် ၅.၉ သန်းနှင့် ညီမျှပြီး မူလက ခန့်မှန်းထားချက်မှာ မက်ထရစ်တန် ၅.၇ သန်း ဖြစ်သည့်အတွက် မက်ထရစ်တန် ၂၀၀ ပိုမို ထွက်ရှိခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ် စပါးထွက်ရှိမှုနှုန်းမှာ မက်ထရစ်တန် ၉ သန်းဖြစ်သည့်အတွက် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်ထက် အထွက်နှုန်းမြင့်တက်ခဲ့သည်ကို တွေ့ရှိနိုင်ပါကြောင်းကိုလည်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ တာဝန်ခံအရာရှိတစ်ဦးမှ ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် စိုက်ပျိုးရာသီတွင် စိုက်ပျိုးရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးခဲ့သော မျိုးစေ့၊ ဓာတ်မြေဩဇာ၊ ဇီဝဓာတ်မြေဩဇာ၊ မြေဆွေး၊ လယ်ယာသုံးစက်ပစ္စည်းများကြောင့်  ဖိလစ်ပိုင် နိုင်ငံ၏ ဆန်စပါးအထွက်နှုန်းသည် တိုးမြင့်ခဲ့ပြီး လက်ရှိအရန်ဆန်ရိက္ခာတန်ချိန်မှာ ယခင်ဆန်လက်ကျန်၊ ထွက်ရှိမှုနှင့် တင်သွင်းမှုများအရ လုံလောက်မှုရှိနေပါသဖြင့် ဈေးကွက်တွင်း ဆန်ပြတ်လပ်မှု မရှိနိုင်သောကြောင့် ဈေးနှုန်းကစားခြင်းများ မပေါ်ပေါက်နိုင်ကြောင်း ဖော်ပြထားပါသည်။

ပုဂ္ဂလိကကဏ္ဍမှလည်း ဆန်တင်သွင်းထားမှုများသည် ယခုဩဂုတ်လနှင့် စက်တင်ဘာလများအတွင်း ရောက်ရှိသွားမည်ဖြစ်ကြောင်း သမ္မတထံသို့ အစီရင်ခံတင်ပြထားကြောင်း သိရှိရပါသည်။ နိုင်ငံတော်သမ္မတနှင့် ဆန်လုပ်ငန်းရှင်များအသင်း အထူးအစည်းအဝေးတွင်လည်း ကုန်သည်များမှ တင်သွင်းထားသည့် ဆန်တန်ချိန် မက်ထရစ်တန် ၃၀၀,၀၀၀ မှာ ဩဂုတ်လအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း သမ္မတမားကို့စ်ထံ တင်ပြခဲ့ပါသည်။

၂၀၂၃ ခုနှစ်ဇန်နဝါရီလမှ ဩဂုတ်လ ပထမ သတင်းပတ်အထိ ဆန်တင်သွင်းမှု မက်ထရစ် တန်ချိန် ၂.၅ သန်း ရောက်ရှိပြီးဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

သုံးသပ်တင်ပြချက်

၂၀၂၃ခုနှစ်၊ ဇူလိုင်လအတွင်း မြန်မာနိုင်ငံမှဆန်တင်ပို့မှုမှာ မက်ထရစ်တန်ချိန်၂၁,၇၆၂ နှင့်ဆန်ကွဲ တင်ပို့မှာမက်ထရစ်တန်ချိန် ၃၆,၅၇၂ ရှိသဖြင့် စုစုပေါင်း မက်ထရစ်တန်ချိန် ၅၈,၃၃၄ ဖြစ်ပါကြောင်း၊  ဇူလိုင်လအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့မှု အများဆုံးဖြစ်ခဲ့ပြီး မက်ထရစ်တန် ၆,၇၆၅ တင်ပို့ခဲ့ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်းဆန်တန်ချိန် ၂.၅ သန်း၊ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။ သို့ဖြစ်ပါ၍ အိန္ဒိယ၏ ဆန်တင်ပို့မှု ရပ်ဆိုင်းလိုက်သည့် ဖြစ်စဉ်အပေါ် ထိုင်းနိုင်ငံမှ ပြည်တွင်း ဆန်ရိက္ခာဖူလုံမှုရှိသဖြင့် အကျိုးအမြတ်ရရှိစေရန် ဖန်တီးသွားမည်ဆိုသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း လက်ရှိတွင် ပြည်တွင်းဆန်ရိက္ခာဖူလုံနေသဖြင့် ယခုထက် ပိုမိုတင်ပို့သွားနိုင်ရန်နှင့် ဆန်တင်ပို့သည့် နိုင်ငံတစ်ခု၏ ပြောင်းလဲလိုက်သည့် မူဝါဒအပေါ် မိမိတို့နိုင်ငံအနေဖြင့်လည်း အကျိုးရှိစွာ အသုံးချသွားရန်လိုအပ်ပါကြောင်း သုံးသပ်သိရှိရပါသည်။

 

 

Source; https://pco.gov.ph/news_releases/pbbm-welcomes-report-of-an-impressive-growth-in-rice-production-for-1st-6-months-of-2023/

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines