Korea

ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများအတွက် မက်လုံးများပိုမို ပေးသွားရန် တောင်ကိုရီးယားသမ္မတ ကတိပြု

Last Updated:

တောင်ကိုရီးယားနိုင်ငံအား ရင်းနှီးမြှုပ်နှံသူများအတွက် အထူးသင့်လျော်ကောင်းမွန်သည့် နိုင်ငံတစ်ခုဖြစ်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းများနှင့် မူဝါဒများကို ဖြေလျှော့ပေးသွားမည့်အပြင် မက်လုံးများပိုမိုပေးသွားမည်ဟု သမ္မတယွန်ဆုခ်ယော်က ၁၄-၂-၂၀၂၄ ရက်နေ့ တွင်ကျင်းပခဲ့သည့် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည့် အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ်ရုံးတွင် ကျင်းပခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းများနှင့် မူဝါဒများကို ဖြေလျှော့ပေးရာတွင် ကမ္ဘာ့အဆင့်စံချိန်စံညွှန်းများအတိုင်း (သို့မဟုတ်) ကမ္ဘာ့အဆင့်စံချိန်စံညွှန်းများထက် သာလွန်ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများနှင့် စည်းမျဉ်းများရှိသည့် နိုင်ငံတစ်ခုဖြစ်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အမျိုးမျိုးသောအခွန်သက်သာခွင့်များနှင့် ဘဏ္ဍာရေးအထောက်အပံ့များ ပေးအပ်သွားနိုင်ရေးအတွက် အမျိုးသားလွှတ်တော်နှင့်ပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သမ္မတယွန်းက ကတိပြုခဲ့ပါသည်။                                                                              

ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများကို ပေးမည့်မက်လုံးအသစ်များသည် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းများက ပံ့ပိုးကူညီပေးမှုထက် ပိုမိုလိမ့်မည်ဟု သမ္မတယွန်းက ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံတွင် ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီစုစုပေါင်း ၁၇,၉၀၀ ကျော်ရှိပြီး ယင်းတို့မှ ပြည်ပသို့တင်ပို့နိုင်မှုပမာဏသည် စုစုပေါင်းတင်ပို့မှု၏ ၂၁ ရာ ခိုင်နှုန်းရှိပါကြောင်း၊ ထို့ပြင် အလုပ်အကိုင်ခန့်ထားမှုတွင်လည်း တစ်နိုင်ငံလုံး၏ စုစုပေါင်း အလုပ်အကိုင်ခန့်ထားမှု၏ ၆ ရာခိုင်နှုန်းရှိပါကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီး ဌာနက ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံသည် ပြည်ပပို့ကုန်တင်ပို့မှုအပေါ် မှီခိုအားထားသည့် နိုင်ငံဖြစ်သည့်အပြင် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများမှ ပေးသော မြင့်မားသည့် လစာအဆင့်အတန်းနှင့်  သင့်လျော်သောအရည်အသွေးကြောင့် လူငယ်များက နှစ်သက်လေးစားကြကြောင်း၊ ယခုအချိန်သည် အစိုးရက ပြန်လည်ပေးအပ်ရမည့် အချိန်ဖြစ်ကြောင်း သမ္မတယွန်းက ပြောကြားခဲ့ပါသည်။

အဆိုပါနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပွဲတွင် တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်ကုန်သည်များအသင်း၊ ဥရောပသမဂ္ဂကုန်သည်များအသင်း၊ ပြင်သစ်-ကိုရီးယားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ကိုရီးယား-ဂျာမန်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများ၊ ဆိုးလ်မြို့ရှိ ဂျပန်ကလပ်မှအကြီးအကဲနှင့် ပြည်ပမှလာရောက် ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၂.၇၂ ဘီလီယံတန်ဖိုးရှိ ပြည်ပရင်းနှီးမြှုပ်နှံမှုများ လာရောက်လျှောက်ထားခဲ့ပြီး အမှန်တကယ်ငွေပေးချေရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၈.၇၉ ဘီလီယံအထိ ရောက်ရှိမြင့်မားခဲ့ပါကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံမှု မြင့်မားလာသည့် နိုင်ငံများမှာ တရုတ်နိုင်ငံ၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့ဖြစ်ကြကြောင်း၊ ယခင်နှစ်ကထက် ၆၅ ရာခိုင်နှုန်းမြင့်မားခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ လာရောက်ရင်းနှီးမြှုပ်နှံရန် ကတိကဝတ်များသည် ယခင်နှစ် ကထက် လျော့ကျခဲ့ပါကြောင်း၊ ကဏ္ဍအလိုက်အနေဖြင့်လေ့လာလျှင် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု ၄.၅ ရာခိုင်နှုန်း လျော့ကျခဲ့သော်လည်း ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများကိုဝန်ဆောင်မှုပေးသည့်လုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတို့တွင် လာရောက်ရင်းနှီးမြှုပ်နှံမှု နှစ်ဆကျော်တိုးတက်ခဲ့ပါကြောင်း၊ OECD စာရင်းများအရ ၂၀၂၃ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးတွင် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခြင်းသည် ယခင်နှစ်ကထက် ၂၆ ရာခိုင်နှုန်းလျော့ကျနေသော်လည်း တောင်ကိုရီးယားနိုင်ငံတွင် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမှု မြင့်မားနေပါကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

 

 

 

 

 

 

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea