Thailand

ထိုင်းနိုင်ငံ၏ ပို့ကုန်စဉ်ဆက်မပြတ်စေရေးအတွက် စက်မှုကဏ္ဍကို လှုံ့ဆော်ပေးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Phumtham Wechayachai က  ပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍကို စဉ်ဆက်မပြတ်စေ‌ရေးနှင့် သန့်ရှင်းသော စွမ်းအင်ကို အဓိကထားသည့် ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြောင်းလဲနေမှုကို အရှိန်မြှင့်တင်ရန် တိုက်တွန်းလျက်ရှိကြောင်း၊ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်များကိုလည်း မြှင့်တင်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phum-tham Wechayachai နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား တွေ့ဆုံမှုတွင် ဝန်ကြီးက ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

ကမ္ဘာ့ကုန်သွယ်ရေး စည်းကမ်းများသည် စဉ်ဆက်မပြတ်မှု၊ သန့်ရှင်းသော စွမ်းအင်နှင့် ပင်ရင်းစည်းမျဉ်းများအပေါ် အလေးထားလာကြကြောင်း၊ အစိုးရအနေဖြင့် အဖွဲ့အစည်းများအားလုံးကို ဖွံ့ဖြိုးမှုနှင့်အညီလိုက်ပါစေလိုပြီး ပြောင်းလဲမှုနည်းလမ်းများကို လက်ခံခြင်းဖြင့် မျှတမှုအသစ်များ ဖန်တီးစေလိုကြောင်း၊ ဩစတြေးလျနိုင်ငံသို့ တင်ပို့ခဲ့သည့် ကားများတွင် တရားမဝင်မြက်များနှင့် ဖုန်မှုန့်များ တွေ့ ရှိမှုနှင့်စပ်လျဉ်း၍ မော်တော်ယာဉ်ထုတ်လုပ်သည့် စက်ရုံ၏ ပြဿနာများကို ဖြေရှင်းပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီး ဌာနနှင့် ဩစတြေးလျ အာဏာပိုင်တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ ပြဿနာများတွင် လန်ချဘန်းရှိ ပထဝီအခြေအနေအရမှာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေပါကြောင်း၊ မော်တော်ကားထုတ်လုပ်မှုနှင့် တင်ပို့မှုတွင် အချက်အခြာဖြစ်ပြီး ထိုင်းစက်မှု နယ်ပယ်တွင် တတိယအများဆုံးဝင်ငွေရရှိသည့် မော်တော်ယာဉ်ကဏ္ဍအတွက် ပို့ကုန်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းပေးခြင်းနှင့် မြှင့်တင်ပေးခြင်းတို့ ဆောင်ရွက်ပေးသွားရန် အစိုးရအနေဖြင့် ကတိပြုပါကြောင်း၊  စက်မှုကဏ္ဍဆိုင်ရာ အတားအဆီးများကို မြန်မြန်ဆန်ဆန်ဖြေရှင်းသွားလိုပါကြောင်း၊ ဝန်ကြီး ချုပ်ကလည်း ဥပဒေပြင်ဆင်ရန် တွန်းအားပေးလျက်ရှိပြီး FTA အကျိုးကျေးဇူးများကို အသုံးချခြင်းဖြင့် ကုန်သွယ်ရေးအခွင့်အလမ်းများနှင့် ဈေးကွက်အသစ်များရှာဖွေ၍ ကုန်သွယ်ရေးမိတ်ဖက်များ ပိုမိုရရှိလိုကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဝန်ကြီးဌာန၏ FTA ညှိနှိုင်းမှုများမှတစ်ဆင့် မော်တော်ယာဉ်ကဏ္ဍကို မြှင့်တင်ပေးစေလို ကြောင်း၊ ညှိနှိုင်းမှုများတွင် စက်မှုကူးပြောင်းမှု၏ အဓိက ပြောင်းလဲမှုဖြစ်သည့် EV ထုတ်လုပ်မှုနှင့် တင်ပို့မှုများနှင့် ထုတ်ကုန်ပင်ရင်းဆိုင်ရာများကို ထည့်သွင်းဆွေးနွေးစေလိုကြောင်း၊ ထိုင်းနိုင်ငံသည့် မော်တော်ယာဉ် ထုတ်လုပ်မှုတွင် ကမ္ဘာ့အဆင့် ၁၀ တွင် ရပ်တည်နေသော်လည်း ကိုယ်ပိုင်တံဆိပ် (Own Brand) မရှိသဖြင့် ပို့ကုန်ယှဉ်ပြိုင်မှုတွင် အခက်အခဲရှိပါကြောင်း၊ ထိုင်းမော်တော်ယာဉ်ကဏ္ဍသည် အာဆီယံနှင့် ဩစတြေးလျစသည့် အဓိက ဈေးကွက်များတွင် ဦးစားပေး အခွန်နှုန်းထားများ ခံစားခွင့်ရရှိခဲ့ပါကြောင်း ထိုင်းမော်တော်ယာဉ်စက်မှုအသင်း၏ ဥက္ကဋ္ဌ Mr. Suwat Supakandechakul  က အကြံပြုပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် မော်တော်ယာဉ် အစီးရေ ၁.၉ သန်း ထုတ်လုပ်ခဲ့ပြီး ပြည်ပသို့ အစီးရေ ၁.၁၅ သန်း တင်ပို့ခဲ့ပါကြောင်း၊ တင်ပို့ခဲ့မှု၏ ၇၀ ရာခိုင်နှုန်းသည် ပစ်ကပ် (Pickup) ကားများဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်အတွက် ထုတ်လုပ်မှုအရေအတွက်ကို လျော့နည်းခန့်မှန်းထားပါကြောင်း၊ မော်တော်ယာဉ် ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၅.၁ ဘီလီယံဖြစ်ပါကြောင်း၊ ဩစတြေးလျသည် အဓိကပို့ကုန် ဈေးကွက်ဖြစ်နေဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၏ ထုတ်ပြန် ထားချက်အရ သိရှိရပါသည်။

မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ပို့ကုန်အချက်အခြာဖြစ်သော ထိုင်းနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးစံနှုန်းများနှင့် ကိုက်ညီမှုရှိစွာ ထုတ်လုပ်မှုပုံစံများကို ပြောင်းလဲနေသကဲ့သို့ FTA ၏ အကျိုးခံစားခွင့်များကိုလည်း ပို့ကုန်လုပ်ငန်းရှင်များ ခံစားခွင့်ရရှိစေရေး ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသုံးသပ်ရပါသည်။    

 

 

Source: www.bangkokpost.gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့) 

Category: Thailand