China (Kunming)

တရုတ်-မြန်မာ နယ်စပ်ရှိ နာဘန်းနယ်စပ်ဂိတ်သည် အဝင်အထွက် ခရီးသည်များအား ပြန်လည်ကြိုဆိုလာ

Last Updated:

၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်-မြန်မာနယ်စပ်ရှိ နာဘန်းနယ်စပ် ဂိတ်တွင် ပထမအသုတ် အဝင်အထွက် ခရီးသည်များကို ကြိုဆိုလာခဲ့ပါသည်။ ဝမ်ကိန့်မေသည် ပြည်ဝင်ပြည်ထွက်အတွက် လုပ်ထုံးလုပ်နည်းများကို ပထမဆုံး ပြီးစီးဆောင်ရွက်သည့် နယ်စပ်ပြည်သူတစ်ဦး ဖြစ်လာပါသည်။ ၃ နှစ်ကြာဆိုင်းငံ့ထားခဲ့သည့် နာဘန်းနယ်စပ်ဂိတ်တွင် လူဝင်လူထွက် ကြီးကြပ်ရေးလုပ်ငန်းအား ပြန်လည်စတင်ဆောင်ရွက်လျက်ရှိနေပါသည်။

"ကျွန်မက နာဘန်းနယ်သူ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်ရောင်းဝယ်ရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုပါတယ်။ အရင်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျွန်မရဲ့ ဝင်ငွေဟာ သိသိသာသာ ကျဆင်းသွားတယ်။ လူဝင်လူထွက် ကြီးကြပ်ရေးလုပ်ငန်းအား ပြန်လည်စတင်လာနိုင်တဲ့အတွက် ကျွန်မတို့ နယ်စပ်ဒေသခံတွေအဖို့ အချိန်အခါကောင်းဖြစ်တယ်"ဟု ဝမ်ကိန့်မေက ပျော်ရွှင်စွာ ပြောဆိုပါသည်။

နာဘန်းနယ်စပ်ဂိတ်သည် ဝမ်တိန်နယ်စပ်လူဝင်မှုကြီးကြပ်ရေးစခန်း၏ လက်အောက်ရှိ နယ်စပ်ဂိတ်နှစ်ခုအနက်မှ တစ်ခုဖြစ်သည်။ အဆိုပါနယ်စပ်ဂိတ်မှတစ်ဆင့် တင်သွင်းတင်ပို့သည့် ကုန်စည်များမှာ အဓိကအားဖြင့် မီးသွေး၊ နေ့စဉ်သုံးပစ္စည်း၊ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ၊ ငှက်ပျောသီး၊ ဖရဲသီး၊ အိမ်ဆောက်ပစ္စည်းစသည်တို့ ပါဝင်သည်။ ခရီးသည်များနှင့် မော်တော်ယာဉ်များကို ပြည်ဝင်ပြည်ထွက် ကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါအချက်အချာကျသော နေရာလည်းဖြစ်သည်။

စာရင်းဇယားများအရ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီ နာဘန်းနယ်စပ်ဂိတ်တွင် နှစ်စဉ် ပျမ်းမျှအားဖြင့် ပြည်ဝင်ပြည်ထွက်ခရီးသည် ၆ သိန်းခန့်ရှိပြီး သွင်းကုန်ပို့ကုန် တန်ချိန် ၃ သိန်းကျော်ရှိပါသည်။ ကုန်စည်တန်ဖိုးမှာ တရုတ်ယွမ် သန်း ၅၀၀ နီးပါးရှိသည်။

(အရင်းအမြစ် - ဝမ်တိန်နယ်စပ်လူဝင်မှုကြီးကြပ်ရေးစခန်း၊ တယ်ဟုန်ပြည်နယ်ခွဲ ရုပ်မြင်သံကြား ဌာန။ Yunnan gateway)

စီးပွားရေးသံမှူး၊ ကူမင်းမြို့

Category: China (Kunming)