China(Nanning)

တရုတ်နိုင်ငံသည် နိုင်ငံခြားကုန်သွယ်မှု တိုးတက်နေခြင်းကို ဆက်လက်ထိန်းသိမ်းထားဆဲ

Last Updated:

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှုကို တိုးချဲ့လျက်ရှိသောကြောင့် နိုင်ငံခြားကုန်သွယ်မှုသည် စိန်ခေါ်မှုများရှိနေသော်လည်း တည်ငြိမ်သော တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ပထမ (၇) လတွင် တရုတ်နိုင်ငံ၏ သွင်းကုန်နှင့် ပို့ကုန်သည် စုစုပေါင်း ယွမ် (၂၃.၅၅) ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၂၉ ထရီလီယံခန့်) ရှိခဲ့ပြီး ယခင်နှစ်ထက် (၀.၄) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) ၏ အချက်အလက်များအရ သိရှိရပါသည်။

ဒုတိယသုံးလပတ်မှစ၍ တရုတ်နိုင်ငံ၏ လစဉ်ကုန်သွယ်မှုပမာဏသည် ယွမ် (၃.၄) ထရီလီယံအထက်တွင် ရှိနေခဲ့ကြောင်း၊ ဇူလိုင်လတစ်လတည်းတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းသည် ယွမ် (၃.၄၆) ထရီလီယံရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် မျှော်မှန်းထားသည့်အတိုင်း တည်ငြိမ်သည့် အခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်သည်ဟု GACC ၏ ပြောရေးဆိုခွင့်ရှိသူ Lyu Daliang က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ နည်းပညာသုံး အဓိကထုတ်ကုန် (၃) မျိုးဖြစ်သည့် ဆိုလာဘက်ထရီများ၊ လစ်သီယမ်အိုင်းယွန်းဘက်ထရီများနှင့် လျှပ်စစ်ကားများ၏ စုစုပေါင်းတင်ပို့မှုတန်ဖိုးသည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ယခင်နှစ်ထက် (၆၁.၆) ရာခိုင်နှုန်း မြင့်တက်လာသည်ဟု အကောက်ခွန် အချက်အလက်များက ဖော်ပြထားကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများနှင့် စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးကို မြှင့်တင်လျက်ရှိပြီး တရုတ်ကုမ္ပဏီများသည် နိုင်ငံခြားဈေးကွက်ရှာဖွေရာတွင် အခွင့်အလမ်းများ ပိုမိုရရှိလာသည်ဟု China Academy of International Trade and Economic Cooperation မှ လေ့လာသူ Xu Yingming က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဇန်နဝါရီလမှ ဇူလိုင်လအတွင်း အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ဆက်လက်တည်ရှိခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှု သည် ယခင်နှစ်ထက် (၂.၈) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ်၊ ပထမ (၇) လအတွင်း တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ယွမ် (၈.၀၆) ထရီလီယံရှိပြီး ယခင်နှစ်ထက် (၇.၄) ရာခိုင်နှုန်း မြင့်တက်လာကာ နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး၏ (၃၄.၂) ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

ယခုနှစ်၏ ဒုတိယနှစ်ဝက်ကိုကြည့်ပါက ထုတ်လုပ်မှု၊ စားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ကမ္ဘာ့ဝယ်လိုအား ကျဆင်းနေပြီး အခြေအနေမှာ အလွန်ဆိုးရွားနေသော်လည်း တရုတ်နိုင်ငံရှိ ကုမ္ပဏီများအနေဖြင့် အမှာစာများ လက်ခံရရှိရေးနှင့် စျေးကွက်ချဲ့ထွင်နိုင်ရေး အထောက်အကူဖြစ်စေရန်အတွက် တရုတ်အစိုးရအနေဖြင့် ကုန်စည်ပြပွဲများ လက်ခံကျင်းပခြင်း၊ နိုင်ငံတကာလေကြောင်းခရီးစဉ် အရေအတွက်တိုးမြှင့်ခြင်းနှင့် နိုင်ငံခြားစီးပွားရေးသမားများအတွက် ဗီဇာများ လွယ်ကူချောမွေ့စေခြင်း အပါအဝင် အချို့အချက်များကို ထပ်မံလုပ်ဆောင်မည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ Li Xingqian က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် နိုင်ငံခြားကုမ္ပဏီများ၏ ယုံကြည်မှုကို မြှင့်တင်ထားနိုင်ပြီး တရုတ်နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီမှ စစ်တမ်းကောက်ယူခဲ့သော နိုင်ငံခြားကုန်သွယ်မှု ကုမ္ပဏီ (၃,၁၀၀) ကျော်၏ (၇၅) ရာခိုင်နှုန်းသည် ၎င်းတို့၏ တတိယသုံးလပတ် ဖွံ့ဖြိုးတိုးတက်မှုအပေါ် ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 

 

Source: https://english.news.cn/20230812/653c28c9f4694c6f99ab12b1ae791dfc/c.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)