Thailand

ထိုင်ဝမ်ကုမ္ပဏီများက ၎င်းနိုင်ငံထုတ် အလှကုန်ပစ္စည်းများအတွက် ပြည်ပအခွင့်အလမ်းများအဖြစ် ထိုင်းနိုင်ငံကို ဦးတည်သတ်မှတ်လာ

Last Updated:

အရေပြားထိန်းသိမ်းမှုဆိုင်ရာ၊ အစားအသောက်၊ ဆံပင်ထိန်းသိမ်းမှုဆိုင်ရာနှင့် လူနေမှုဆိုင်ရာ ထုတ်ကုန်ကဏ္ဍများမှ ၂၀ ကျော်သော ထိုင်ဝမ်ကုမ္ပဏီတို့သည် ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်း အသစ်များအတွက် အခွင့်အလမ်းများ ရှာဖွေလျက်ရှိပါသည်။

Beauty Essentials ၏ ပြည်ပအရောင်းဌာနခွဲမှ ညွှန်ကြားရေးမှူးဖြစ်သူ Jeffrey Lee က ထိုင်းနိုင်ငံတွင် အလှကုန်ပစ္စည်းများ ဖြန့်ဝေပေးမည့် ပြည်တွင်းမိတ်ဖက်ကို ရှာဖွေနေပါကြောင်း၊ ထိုင်းနိုင်ငံသည် လူဦးရေ သန်း ၇၀ ရှိသဖြင့် လုပ်ငန်းအတွက် အလားအလာကောင်းပါကြောင်း၊ အာရှတွင် ဂျပန်နှင့် ကိုရီးယားတို့မှ အလှကုန်နှင့် အရေပြားထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်များသည် ရောက်နှင့်ပြီးသားဖြစ်ကြောင်း၊ ထိုင်ဝမ်ပစ္စည်းများသည်လည်း ကောင်းမွန်ပါကြောင်း ပြောကြားခဲ့ပါသည်။

ကုမ္ပဏီအနေဖြင့် Naruto၊ am+pm နှင့် Jing Chen စသည့် အမျိုးအစား (၃) မျိုးကို ရောင်းချပါ‌ကြောင်း၊ Watsons စတိုး ၆၀၀ ကျော်နှင့် Shopee အပါအဝင် e-commerce ပလက်ဖောင်းများတွင်လည်း ရောင်းချပါကြောင်း၊ တရုတ်၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဟောင်ကောင်၊ ကနေဒါနှင့် ဖိလစ်ပိုင်တို့သို့ တင်ပို့လျက်ရှိပါကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ထိုင်းနိုင်ငံတွင် ပြည်တွင်းနှင့် နိုင်ငံတကာ အလှကုန်များသည် များပြားပြီး ယှဉ်ပြိုင်မှုရှိပါကြောင်း၊ ဆွဲဆောင်မှုရှိသော ဈေးကွက်လည်းရှိပါကြောင်း၊ ကုမ္ပဏီမှ ဆံပင်နှင့်ဆိုင်သော ပစ္စည်းများ ထုတ်လုပ်ပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူနှင့် မလေးရှားတို့သို့ တင်ပို့ပါကြောင်း Shaan Honq Int’l Comestics ၏ ဈေးကွက်ဖွံ့ဖြိုးမှုပညာရှင်ဖြစ်သူ Ms. Cathy Liao က ပြောကြားခဲ့ပါသည်။

NHH အရေပြားထိန်းသိမ်းမှုဆိုင်ရာ အမျိုးအစား ဖြန့်ချိသူဖြစ်သည့် K2-Medical (Thailand) သည်လည်း ထိုင်းနိုင်ငံအတွင်း ဈေးကွက်ချဲ့ထွင်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ အနာဂတ်တွင် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ချဲ့ထွင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံသည် ထိုင်ဝမ်၏ အဆင့် ၁၀ ရှိသော ကုန်သွယ်မှု မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အများစုသည် အီလက်ထရောနစ် လုပ်ငန်းများတွင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လူနေမှုဆိုင်ရာ ထုတ်ကုန်များ၊ ခေါင်းလျှော်ရည်၊ အားကစားနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာများကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ စက်တင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် “Medical Fair” တွင် ထုတ်ကုန်များကို ပြသသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ ထိုင်ပေ စီးပွားရေးနှင့် ယဉ်ကျေးမှုရုံး၏ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Nick Ni က ပြောကြားခဲ့ပါသည်။

 

 

Source: www.bangkokpost. gov

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: Thailand