India (Kolkata)

အိန္ဒိယနိုင်ငံ အီလက်ထရောနစ်လုပ်ငန်းများအသင်းမှ ပြည်ပမှီခိုမှုလျှော့ချရန် ရန်ပုံငွေ ရူပီး ၇၂၅၀၀ ကာရိုး (ကန်ဒေါ်လာ ၈ ဒသမ ၅၇ ဘီလီယံ) ပံ့ပိုးပေးရန် အစိုးရထံတင်ပြတောင်းဆို

Last Updated:

အိန္ဒိယနိုင်ငံ အီလက်ထရောနစ်လုပ်ငန်းများအသင်း (Electronics Industries Association of India -ELCINA) မှ အီလက်ထရောနစ်ကဏ္ဍအတွက် ပြည်ပမှီခိုမှုလျှော့ချပြီး ပြည်တွင်း၌ ကုန်ကြမ်းပစ္စည်းထုတ်လုပ်မှု တိုးတက်ကောင်းမွန်စေရန် အထောက်အကူပြုမည့် ရန်ပုံငွေ ရူပီး ၇၂၅၀၀ ကာရိုး (ကန်ဒေါ်လာ ၈ ဒသမ ၅၇ ဘီလီယံ)အား ပံ့ပိုးပေးရန် အစိုးရထံ တင်ပြတောင်းဆိုခဲ့ကြောင်းသိရသည်။ ၂၀၃၀ ပြည့်နှစ်တွင် အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်မှု ရည်မှန်းချက် ကန်ဒေါ်လာ ၅၀၀ ဘီလီယံရရှိရန် လိုအပ်သော အီလက်ထရောနစ် သွင်းအားစုများအတွက် ဝယ်လိုအားနှင့် ရောင်းလိုအား ကွာဟချက် ကန်ဒေါ် လာ ၂၄၈ ဘီလီယံ (ရူပီး ၂၁ သိန်းကာရိုး) အထိ ရောက်ရှိလာနိုင်သည့်အတွက်ဖြစ်ကြောင်းသိရသည်။

အဆိုပါကူညီထောက်ပံ့မှုအစီအစဉ်ကြောင့် အဆိုပါ ဝယ်လိုအားနှင့် ရောင်းလိုအား ကွာဟချက်ကို ကန်ဒေါ်လာ ၁၄၆ ဘီလီယံ (ရူပီး ၁၂ ဒသမ ၃၆ သိန်း ကာရိုး) အထိလျှော့ချနိုင်ပြီး၊ စုစုပေါင်း ကန်ဒေါ်လာ ၁၀၂ ဘီလီယံ (ရူပီး ၈ ဒသမ ၈၆ သိန်း ကာရိုး) လျှော့ကျသွားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ အီလက်ထရောနစ်ပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်သူများ ရင်ဆိုင်နေရသော အခက်အခဲမှာ ကုန်ချောထုတ်လုပ်မှုကဲ့သို့ ကုန်ထွက်ပမာဏကို ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၁၆ ဆအထိ မရရှိနိုင်ပဲ ၃ ဆသာ ရရှိနိုင်ကြောင်း ELCINA အထွေထွေအတွင်းရေးမှူး ချုပ် Rajoo Goel က အလေးဂရုပြုပြောကြားခဲ့သည်။

အဆိုပါကဏ္ဍ၌ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူများအနေဖြင့် အရင်းအနှီးမှ ပြန်ရချက်နိမ့်ကျ ခြင်း၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုစရိတ် ကြီးမြင့်ခြင်းနှင့် အကျိုးအမြတ်ရရှိရန် ကာလရှည် ကြာခြင်း စသည့် အချက်များကြောင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြရန် လက်နှေးတတ်ကြကြောင်း၊ ယင်းအချက်ကို ကုစားနိုင်ရန် အီလက်ထရောနစ်အစိတ်အပိုင်းထုတ်လုပ်ရေးကဏ္ဍတိုးချဲ့ရန် တွန်းအားပေးနိုင်မည့် လိုအပ်သော အရင်းအနှီးပစ္စည်းကိရိယာများအတွက် အသုံးစရိတ်ငွေ ကန်ဒေါ်လာ ၂ ဒသမ ၁၄ ဘီလီယံနှင့် ထုတ်လုပ်မှုနှင့်ချိတ်ဆက်သော မက်လုံးပေးအစီအစဉ် (Production-linked incentives -PLI) အတွက် ကန်ဒေါ်လာ ၆ ဒသမ ၄၃ ဘီလီယံ အပါအဝင် စုစုပေါင်း ကန်ဒေါ်လာ ၈ ဒသမ ၅၇ ဘီလီယံ ခွင့်ပြုပေးရန် အစိုးရထံတင်ပြခဲ့ခြင်းဖြစ်ကြောင်း Goel က ရှင်းလင်းပြောကြားခဲ့သည်။

ELCINA ၏ အဆိုပြုတင်ပြချက်တွင် ကုန်ချောတစ်ခု၏ စုစုပေါင်းတန်ဖိုး၏ ၄၀ ရာခိုင်နှုန်း ပါဝင်သော တစ်ပိုင်းလျှပ်ကူးပစ္စည်းမဟုတ်သော အစိတ်အပိုင်းများကို အဓိကထားဖော်ပြ ကြောင်း၊ ၎င်းတို့မှာ ပုံနှိပ်ထားသော လျှပ်စီးပတ်လမ်းပြားများ၊ သေးငယ်သောအီလက်ထရောနစ် အစိတ်အပိုင်းများ၊ တစ်ပိုင်းလျှပ်ကူးကိရိယာငယ်များနှင့် သတ္တုအစိတ်အပိုင်းများဖြစ်ကြောင်း၊ အဆိုပါအခြေခံကိရိယာပစ္စည်းများသည် အီလက်ထရောနစ်ထုတ်ကုန်များ ထုတ်လုပ်ရာ၌ ပါဝင် သော သွင်းအားစုစရိတ်အားလုံး၏ ၆၀ ရာခိုင်နှုန်းဝေစုကို ရယူထားကြောင်း သိရသည်။

အိန္ဒိယအစိုးရအနေဖြင့် အိန္ဒိယနိုင်ငံ တစ်ပိုင်းလျှပ်ကူးပစ္စည်းအစီအစဉ်ကို အကောင် အထည်ဖေါ်ဆောင်ရွက်ထားပြီးဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရူပီး ၁ ဒသမ ၅၂ သိန်း ကာရိုးအား ခွင့်ပြုထားပြီးဖြစ်သည်။ သို့သော် ELCINA အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင်  အလုပ်အကိုင်နေရာ ပေါင်း ၅၀ သိန်းခန့်အား ဖန်တီးပေးနိုင်သည့် လုပ်အားစူးစိုက် (labor-intensive) သော ကဏ္ဍဖြစ် သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းမဟုတ်သောအစိတ်အပိုင်းများ (non-semiconductor compone-nts) ကဏ္ဍကိုလည်း အလားတူ ပံ့ပိုးကူညီမှုပေးရန် အစိုးရထံ အလေးဂရုပြုတင်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအတိုင်း အစိုးရမှ ဝင်ရောက်လုပ်ဆောင်ပေးခြင်းကြောင့် ၂၀၃၀ ပြည့်နှစ်တွင် နောက်ထပ် ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၃၆ ဘီလီယံ ထပ်မံတိုးမြှင့်လာအောင် လှုံ့ဆော် နိုင်မည်ဟု Goel က ခန့်မှန်းထားသည်။ အစိုးရ၏ ပံ့ပိုးကူညီမှုမရှိပါက အဆိုပါ တစ်ပိုင်းလျှပ်ကူး ပစ္စည်းမဟုတ်သော အစိတ်အပိုင်းများကဏ္ဍအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁၃ ဘီလီယံမှ ၂၀၃၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၃၇ ဘီလီယံအထိ တိုးတက်လာရန် မျှော်မှန်းရပြီး၊ ကန်ဒေါ်လာ ၂၄၈ ဘီလီယံမျှ ကွာဟချက်ကြီးမားနေဦးမည်ဖြစ်ကြောင်း သိရသည်။

Source:     The Trade Promotion Council of India, ELCINA seeks ₹72,500 Cr package to reduce import dependence, December 9, 2024

စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့။

Category: India (Kolkata)