India (Delhi)

အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ယခုဘဏ္ဍာရေးနှစ်ကုန်တွင် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနိုင်လိမ့်မည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Piyush Goyal ကပြောကြား

Last Updated:

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goyal က အိန္ဒိယ၏ စီးပွား ရေးတိုးတက်မှုသည် ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများရှိနေသော်လည်း ယခုဘဏ္ဍာရေးနှစ်ကုန်တွင် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိမည်ဟု ယုံကြည်ကြောင်းနှင့် ယခုနှစ်တွင်လည်း အိန္ဒိယသည် ကမ္ဘာ့စီးပွားရေးအလျင်မြန်ဆုံးတိုးတက်သည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်မည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

Times Network က ကျင်းပပြုလုပ်သည့် India Economic Conclave ၌  ဇူလိုင်လမှ စက်တင်ဘာလသုံးလပတ်တွင် GDP တိုးတက်မှုနှုန်း ၅.၄ ရာခိုင်နှုန်းသာရှိမှုအပေါ်  စိုးရိမ်စရာရှိမရှိ မေးခွန်းအပေါ် ဝန်ကြီးက ယခုနှစ်ပထမသုံးလပတ်၌ ရွေးကောက်ပွဲကျင်းပခဲ့ပြီး ယင်းကာလ အတွင်း၌ အခြေခံအဆောက်အအုံအသုံးစရိတ်အတွက် မူဝါဒချမှတ်မှုနှင့် ဆုံးဖြတ်ချက်များနှေးကွေးခဲ့သဖြင့်  နောက်ကျသည့်အကျိုးသက်ရောက်မှုများကြုံတွေ့ခဲ့ရပါကြောင်း၊ သို့ရာတွင် ယခု တတိယသုံးလပတ်အတွက် ကနဦးကိန်းဂဏန်းများအရ ပွဲတော်ကာလအသုံးစရိတ်များ၊ ကျေး လက်ဒေသတိုးတက်မှုနှုန်း၊  ဘဏ်လုပ်ငန်းများနှင့်  အခြေခံအဆောက်အအုံအသုံးစရိတ်များ လမ်း ကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာသည်ကို တွေ့ရှိရပါကြောင်း၊  မတ်လဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင် အိန္ဒိယနိုင်ငံ၏စီးပွား‌ရေးသည် လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိမည်ဟု ထင်ကြောင်းဖြေကြားခဲ့သည်ဟု သိရှိရသည်။

ထုတ်လုပ်မှုနှင့် သတ္တုတွင်းကဏ္ဍများ၏ စွမ်းဆောင်ရည်ညံ့ဖျင်းမှုကြောင့် အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ယခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလပတ်ကာလတွင် နှစ်နှစ်တာကာလအတွင်း အနိမ့်ဆုံးအဖြစ် ၅.၄ ရာခိုင်နှုန်းသို့ နှေးကွေးသွားကြောင်း၊ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) သည် ယခင်ဘဏ္ဍာနှစ် ဇူလိုင်လမှ စက်တင်ဘာလ သုံးလပတ်တွင် ၈.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ ယခင် GDP တိုးတက်မှု အနိမ့်ဆုံးအဆင့်မှာ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် (အောက်တိုဘာ-ဒီဇင်ဘာ ၂၀၂၂) တွင် ၄.၃ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ သို့သော်လည်း ယခုနှစ် ဇူလိုင်လမှ စက်တင်ဘာလသုံးလပတ်တွင် တရုတ်နိုင်ငံ၏ GDP တိုးတက်မှုနှုန်းမှာ ၄.၆ ရာခိုင်နှုန်းရှိသောကြောင့် အိန္ဒိယသည် အလျင်မြန်ဆုံး ကြီးထွားနေသည့် အဓိကစီးပွားရေးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိကြောင်းနှင့် အိန္ဒိယနိုင်ငံ၏ ခေတ်မီနည်းပညာများနှင့် ဆန်းသစ်တီထွင်မှုများသည် နိုင်ငံ၏တိုးတက်မှုကို ဖော်ဆောင်နိုင် လိမ့်မည်ဖြစ်ကြောင်း Goyal က ပြောကြားခဲ့သည်။

Source: India’s economic growth by the end of this fiscal will be back on track: Commerce Minister Piyush Goyal, The Economic Times, 12 December, 2024.

စီးပွားရေးသံမှူး၊ နယူးဒေလီမြို့။

Category: India (Delhi)