India (Kolkata)

အနောက်ဘင်္ဂလားပြည်နယ်တွင် ယခုနှစ် အာလူးစိုက်ပျိုးမြေဧရိယာ ယခင်နှစ်ကထက် တိုးမြင့် လာဖွယ်ရှိ

Last Updated:

အနောက်ဘင်္ဂလားပြည်နယ်တွင် ယခုနှစ် အာလူးစိုက်ပျိုးမြေဧရိယာသည် ယခင်နှစ်ကထက် တိုးမြင့်လာဖွယ်ရှိကြောင်းနှင့် နောင်လာမည့် ၁၀ ရက်အတွင်း အာလူးမျိုးချစိုက်ပျိုးခြင်း လုပ်ငန်းစဉ်များပြီးဆုံးမည်ဖြစ်ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၁၁ ရက်က ဖော်ပြသည်။

ပြည်နယ်တွင် အာလူးကို တစ်နိုင်ငံလုံး၌ ဒုတိယအများဆုံးထုတ်လုပ်ပြီး၊ တောင်သူများအနေဖြင့် ယခုနှစ်တွင် ဈေးကောင်းများရရှိခဲ့သည့်အတွက် စိုက်ဧကများထပ်မံ တိုးချဲ့စိုက်ပျိုးသွားဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

“ပြည်နယ်မှာ အာလူးမျိုးစိုက်ပျိုးခြင်းလုပ်ငန်းစဉ်က ၆၅၊ ၇၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ။ လာမည့် ၁၀ ရက်ခန့်အတွင်း လုပ်ငန်းစဉ်များ ပြီးဆုံးမယ်လို့ ကျနော်တို့ခန့်မှန်းပါတယ်။ တောင်သူများအနေဖြင့် ဈေးကောင်းများရရှိကြတဲ့အတွက် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက စိုက်ဧက ၄ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း တိုးတက်လာဖို့ရှိပါတယ်။ ယခင်နှစ်အတွက် သို့မဟုတ် ယခုနှစ်အစပိုင်းအတွက် ရိပ်သိမ်းထားတဲ့ အာလူးစိုက်တောင်သူများဟာ ဈေးကောင်းတွေရရှိထားပြီး၊ ပြည်နယ် တစ်ခုနှင့်တစ်ခု ရောင်းဝယ်ဖေါက်ကားမှု ကန့်သတ်ချက်ကြောင့် စိုက်ပျိုးဧရိယာအပေါ်သက် ရောက်မှုရှိမှာ မဟုတ်ပါဘူး။” ဟု အနောက်ဘင်္ဂလားပြည်နယ် အအေးခန်းသိုလှောင်ရုံအသင်း၏ အကြီးတန်းအသင်းဝင်တစ်ဦးဖြစ်သော Patit Paban De က businessline သတင်းဌာနသို့ ပြောကြားခဲ့သည်။

Mamata Banerjee ဦးဆောင်သော အနောက်ဘင်္ဂလားပြည်နယ်အစိုးရသည် အာလူးကုန်လက်ကျန်နှင့် ဈေးနှုန်းကို ထိန်းသိမ်းနိုင်ရန် ပြည်နယ်တစ်ခုနှင့်တစ်ခု ရောင်းဝယ်ဖေါက်ကားမှုအား ကန့်သတ်ထားကြောင်း သိရသည်။ ပြည်နယ်အတွင်း ပျှမ်းမျှအာလူးစိုက်ပျိုးမြေစုစုပေါင်း ဟက်တာ ၄ ဒသမ ၇ သိန်းခန့်ရှိကာ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အာလူးထုတ်လုပ်မှု တန်ချိန် ၁၀၀ သိန်းခန့်ရှိကြောင်း သိရသည်။

“Chandramukhi အာလူးမျိုးစိုက်ပျိုးမှုက ပြီးစီးပါပြီ။ လက်ရှိမှာ Jyoti အာလူးမျိုးများကို စိုက်ပျိုးလျက်ရှိပါတယ်။” ဟု Patit Paban De က ပြောကြားခဲ့သည်။ “အကယ်၍ ရာသီဥတု အခြေအနေပေးလျင် စိုက်ဧကလည်း တိုးတက်လာတာဖြစ်သည့်အတွက် ယခုနှစ် အာလူးထုတ်လုပ်မှုက တန်ချိန် ၁၂၀ သိန်းခန့်ရှိနိုင်ပါတယ်။” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Source:     The Hindu Businessline, West Bengal likely to witness increase in area under cultivation for potato, sowing to be completed within 10 days, Kolkata, December 11

စီးပွားရေးသံမှူး၊ ကောလ်ကတ္တားမြို့။

Category: India (Kolkata)