China(Beijing)

၂၀၂၃ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ဂျီဒီပီတိုးတက်မှု ၅.၂ ရာခိုင်နှုန်းရှိခဲ့

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး GDP သည် ၂၀၂၃ ခုနှစ်တွင် ၅.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ နိုင်ငံမှ  ကြိုတင်ချမှတ်ခဲ့သည့် နှစ်စဉ်တိုးတက်မှုရည်မှန်းချက် ၅ ရာခိုင်နှုန်း ကိုပြည့်မီခဲ့ကြောင်း၊ ယခင်နှစ်က မူဝါဒအစီအမံများ ဖြည်းဖြည်းချင်းချမှတ်ခဲ့ခြင်း၏ အကျိုးသက်ရောက်မှု ရလဒ်များဖြစ်ကြောင်း တရားဝင်ထုတ်ပြန်သည့် အချက်အလက်များအရသိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် နိုင်ငံ၏ နှစ်စဉ် GDP သည် ယွမ် ၁၂၆.၀၆ ထရီလီယံ (ဒေါ်လာ ၁၇.၅၂ ထရီလီယံ) ရှိလာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ၏ စီးပွားရေးသည် တတိယသုံးလပတ်တွင် ၄.၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီးနောက် စတုတ္ထသုံးလပတ်တွင် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၅.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း နိုင်ငံတော်စာရင်းအင်းဆိုင်ရာဗျူရို၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ကျွမ်းကျင်သူများ၏အဆိုအရ ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ၏ GDP တိုးတက်မှုသည် စီးပွားရေး အဓိကကျသည့်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုမြန်ဆန်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ အဓိကကျသည့်ယန္တရားအဖြစ် ဖော်ပြထားကြောင်း၊ ယခုနှစ်တွင် တရုတ်နိုင်ငံအနေဖြင့် လက်ရှိချမှတ်ထားသော ပံ့ပိုးကူညီမှုဆိုင်ရာမူဝါဒများ ဆက်လက်အကောင်အထည်ဖော်၍ ပိုမိုခိုင်မာအားကောင်းသည့် စီးပွားရေးဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်မည်ဟု ခန့်မှန်းထားကြောင်းသိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ တန်ဖိုးမြှင့် စက်မှုကုန်ထုတ်လုပ်ငန်းများသည် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၄.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ အချက်အလက်များအရ နိုဝင်ဘာလတွင် ၆.၆ ရာခိုင်နှုန်း တိုးတက်မှုရရှိခဲ့ပြီး ဒီဇင်ဘာလတွင် ၆.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူသုံးစွဲနိုင်မှုကို အဓိကတိုင်းတာသည့် လက်လီရောင်းချမှုမှာ တစ်နှစ်တာအတွက် ၇.၂  ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ဒီဇင်ဘာလတွင် လက်လီရောင်းချမှုနိုင်မှုသည် ၇.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

အခြေခံအဆောက်အအုံ၊ အိမ်ခြံမြေ၊ စက်ယန္တရားနှင့် စက်ကိရိယာအသုံးစရိတ်ဆိုင်ရာ ပုံသေပိုင်ရင်းနှီးမြုပ်နှံမှုသည် ၂၀၂၃ ခုနှစ်တွင် ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပထမ ၁၁ လတွင် ၂.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

စစ်တမ်းကောက်ယူထားသော မြို့ပြအလုပ်လက်မဲ့နှုန်းသည် နိုဝင်ဘာလတွင် ၅ ရာခိုင်နှုန်းမှ ဒီဇင်ဘာလတွင် ၅.၁ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့ကြောင်း နိုင်ငံ တော်စာရင်းအင်းဆိုင်ရာဗျူရို၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

Ms. Zou Yunhan၊ ဒုတိယညွှန်ကြားရေးမှူး၊ မေခရိုစီးပွားရေးသုတေသနရုံး၊ စီးပွားရေးခန့်မှန်းမှုဌာန၊ နိုင်ငံတော်ပြန်ကြားရေးစင်တာမှ တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုတွင် အရေးကြီးသည့်နေရာတွင် ဆက်လက်တည်ရှိနေကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှု၏ သုံးပုံတစ်ပုံခန့်ကို အထောက်အကူဖြစ်စေခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာမှု အရှိန်အဟုန် စဉ်ဆက်မပြတ်စေရေးအတွက် ခိုင်မာသောမူဝါဒပံ့ပိုးမှု၊ ခေတ်မီစက်မှုလုပ်ငန်းအသွင်ကူးပြောင်းမှုနှင့် ပြုပြင်ပြောင်းလဲမှုများဖြင့် ဆက်လက်တွန်းအားပေး ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

နိုင်ငံတကာစီးပွားရေးဖလှယ်မှုဆိုင်ရာ တရုတ်ဗဟိုဌာန၏ ဒုတိယဥက္ကဋ္ဌ Dr. Wang Yiming က ၂၀၂၃ ခုနှစ်၊ တရုတ်နိုင်ငံ၏ GDP သည် အမေရိကန်၊ ယူရိုဇုန်နှင့် ဂျပန်နိုင်ငံတို့ပါဝင်သည့် အဓိက စီးပွားရေးနိုင်ငံများထက် သိသိသာသာမြင့်မားခဲ့ကြောင်း၊ ဗဟိုအစိုးရ၏ ကြွေးမြီအဆင့်မှာ မြင့်မားခြင်းမရှိသလို စားသုံးသူဈေးနှုန်းများလည်း ကျဆင်းနေခြင်းကြောင့် ရှေ့လာမည့်ကာလတွင် ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒထောက်ပံ့မှုများ ချမှတ်ဆောင်ရွက်နိုင်ကြောင်း ပြောကြားထားသည်ဟု သိရှိရပါသည်။

China Academy of Sciences ၏ ခန့်မှန်းချက်အစီရင်ခံစာအရ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် GDP တိုးတက်မှုနှုန်း ၅.၃ ရာခိုင်နှုန်းဖြင့် တည်ငြိမ်စွာ တိုးတက်နိုင်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

Source: China reports 5.2% GDP growth for 2023 (chinadaily.com.cn)

(ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)         

Category: China(Beijing)