Vietnam

ဗီယက်နမ်သည် နှစ် ၃၀ အတွင်း ပြည်ပငွေလွှဲမှုတွင် အမေရိကန်ဒေါ်လာ ၁၉၀ ဘီလီယံရရှိခဲ့ပြီး ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံတွင် ပါဝင်

Last Updated:

ပြည်ပရောက်ရှိသော ဗီယက်နမ်များ၏ ၈၀ ရာခိုင်နှုန်းကျော်သည် ကမ္ဘာ့စီးပွားရေး အချက်အချာကျသော ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နေထိုင်ကြကြောင်း၊ ပြည်ပတွင်နေထိုင်သည့် ဗီယက်နမ်နိုင်ငံသား ၆ သန်းခန့်ရှိပြီး ၁၉၉၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံသို့ ပေးပို့သည့် ပြည်ပငွေလွှဲပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉၀ ဘီလီယံရှိကြောင်း ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Lê Thị Thu Hằng က ပြောကြားခဲ့သည်။

တနင်္လာနေ့က ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် ဇာတိမြေ၏ နွေဦး (Xuân quê hương)  အစီအစဉ်အတွက် သတင်းစာရှင်းလင်းပွဲတွင် ဒုတိယဝန်ကြီးမှ အဆိုပါကိန်းဂဏန်းသည် ကာလတူအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏမှ ရရှိသည့် ပမာဏနှင့် ညီမျှကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ဗီယက်နမ်နိုင်ငံအနေဖြင့် ငွေလွှဲခ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံခန့်ရရှိခဲ့ပြီး အဆိုပါကိန်းဂဏန်းသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံ စံချိန်တင် ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် ပြည်ပငွေလွှဲလက်ခံသည့် ထိပ်တန်း ၁၀ နိုင်ငံ စာရင်းတွင် ပါဝင်ကြောင်း၊ ပြည်ပရောက် ဗီယက်နမ်လူမျိုး ၆၀၀,၀၀၀ ခန့်သည် နိုင်ငံနှင့် နယ်မြေပေါင်း ၁၃၀ ကျော်တွင် နေထိုင်ကြပြီး ဘွဲ့ကြို သို့မဟုတ် ပိုမိုမြင့်မားသော ဘွဲ့များပိုင်ဆိုင်ထားကြောင်း၊ ၎င်းတို့အနက် ၈၀ ရာခိုင်နှုန်းကျော်သည် ကမ္ဘာ့စီးပွားရေးအချက်အချာကျသော နေရာများတွင် နေထိုင်ကြကြောင်း ဖော်ပြထားသည်။

ဟိုချီမင်း ငွေလွှဲမှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၅ ရာခိုင်နှုန်း တိုးလာပြီး မြို့တော်၏ စုစုပေါင်း ဘတ်ဂျက်ဝင်ငွေ၏ ၅၀ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း၊ အဆိုပါ ကိန်းဂဏန်းသည် ဟိုချီမင်းမြို့တော်၏ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ သုံးဆနီးပါးရှိကြောင်းသိရသည်။

သို့ရာတွင် နိုင်ငံခြားရေးဒုတိယဝန်ကြီး Hằng မှ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဉာဏနှင့် လူ့စွမ်းအားအရင်းအမြစ်များမြှင့်တင်ရန် အာရုံစိုက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ စာရင်းများအရ ဗီယက်နမ်နိုင်ငံတွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဆောင်ရွက်မှုများတွင် ပြည်ပမှ ဗီယက်နမ် ပညာတတ်များနှင့် ကျွမ်းကျင်သူအရေအတွက်မှာ တစ်နှစ်လျှင် လူ ၃၀၀ မှ ၅၀၀ အထိရှိကြောင်း ဖော်ပြထားပါသည်။

ဟိုချီမင်း ပြည်သူ့ကော်မတီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Võ Văn Hoan မှ ဗီယက်နမ်မှအထူးသဖြင့် ဟိုချီမင်းမြို့တော်အနေဖြင့် ပြည်ပရောက် ဗီယက်နမ်များ၏ အရင်းအမြစ်များ ဆွဲဆောင်အသုံးချရန် မဟာ ဗျူဟာများချမှတ်ခဲ့ကြောင်း၊ ရည်မှန်းချက်မှာ ဟိုချီမင်းမြို့ရှိ ဒေသတွင်းနှင့် ကမ္ဘာ့တစ်ဝှမ်း တစ်ပိုင်းတစ်စစက်မှုလုပ်ငန်းများ၊ သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုများအတွက် အချက်အချာနေရာအဖြစ် တည်ထောင်ရန်ဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်သည် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်အတွက် ဗီယက်နမ်လူမျိုးများ၏ ကျွမ်းကျင်မှုနှင့် အရင်းအမြစ်ကို အသုံးချရန်ရည်ရွယ်ကြောင်း သုံးသပ်ရပါသည်။

 

Source: Viet Nam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam