Vietnam

ဟိုချီမင်းတွင် အရှေ့တိုင်းနှစ်သစ်ကူး (တက်) ပွဲတော်အတွင်း အလုပ်သမား ၂၉,၀၀၀ လိုအပ်

Last Updated:

ဟိုချီမင်းမြို့၌ လာမည့်အရှေ့တိုင်းနှစ်သစ်ကူး (တက်) ရာသီအတွင်း ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍတွင် အချိန်ပိုင်းအလုပ်သမား ၂၅,၀၀၀ မှ ၂၉,၀၀၀ အထိ လိုအပ်လျက်ရှိကြောင်း  အလုပ်သမား၊ မသန်စွမ်းနှင့် လူမူရေးဦးစီးဌာနအဆိုအရ သိရှိရပါသည်။

ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍတွင် အလုပ်အကိုင် ၆၉.၅၈ ရာခိုင်နှုန်း၊ စက်မှုလုပ်ငန်းနှင့် ဆောက်လုပ်ရေးကဏ္ဍတွင် ၃၀.၁ ရာခိုင်နှုန်း၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းကဏ္ဍတွင် ၀.၃၂ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားပါသည်။

နေရာထိုင်ခင်းနှင့် အစားအသောက် ဝန်ဆောင်မှုများ၊ လက်လီလက်ကားရောင်းချမှု၊ ဖျော်ဖြေရေးဝန်ဆောင်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အဝတ်အထည်နှင့် အထည်အလိပ်နှင့် ဖိနပ်လုပ်ငန်း ကဏ္ဍများတွင် လုပ်သားအင်အားများ လိုအပ်လျက်ရှိကြောင်း၊ လိုအပ်သော ရာထူးများကွဲပြားပြီး ထုတ်လုပ်ရေးဝန်ထမ်းများ၊ အရောင်းဝန်ထမ်း၊ သင်္ဘောဖြင့် ကုန်ပစ္စည်း ပို့ဆောင်သူများ၊ လုံခြုံရေးဝန်ထမ်းများနှင့် စားသောက်ဆိုင်ဝန်ထမ်းများ ပါဝင်ကြောင်း သိရသည်။

အဆိုပါဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Huynh Le Nhu Trang က ဗီယက်နမ်၏ စီးပွားရေးတိုးတက်မှုသည် ၂၀၂၃ ခုနှစ် နှစ်ကုန်ခါနီး ဟိုချီမင်းမြို့၏ အလုပ်သမား ဈေးကွက်အပေါ် အပြုသဘောဆောင်သော သက်ရောက်မှုရှိကြောင်း၊ စီးပွားရေးလုပ်ငန်းများသည် နှစ်သစ်အတွက် ကြိုတင်ပြင်ဆင်မှုတွင် တိုးလာနေသော စားသုံးသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် အမှာစာများ ပိုမိုရရှိလာကြကြောင်း၊ တချိန်တည်းမှာပင် အရှေ့တိုင်းနှစ်သစ်ကူး (တက်) အလွန်ကာလအထိ အလုပ်နေရာ ၄၉,၀၀၀ မှ ၅၇,၀၀၀ အထိ လိုအပ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါ ကာလများအတွင်း အလုပ်ရှာဖွေနေသူများအတွက် သိသာထင်ရှားသော အလုပ်အကိုင် အခွင့်အလမ်းများ ပေးဆောင်နိုင်မည်ဖြစ်ကြောင်းနှင့် အပြု သဘောဆောင်သော စီးပွားရေးတိုးတက်မှုများသည် လုပ်ငန်းနယ်ပယ်အသီးသီးတွင် အမျိုးမျိုးသော အလုပ်အကိုင် အခွင့်အရေးများရရှိစေကြောင်း သုံးသပ်တင်ပြရပါသည်။

 

 

Source : VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam