China(Nanning)

တရုတ်နိုင်ငံသို့ တင်ပို့မှု မြင့်တက်လာခြင်းကြောင့် ကမ္ဘာတစ်ဝန်း မက္ကဒေးမီးယားထုတ်လုပ်မှု မြင့်တက်လာ

Last Updated:

ကမ္ဘာ့မက္ကဒေးမီးယားအဖွဲ့မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း မက္ကဒေးမီးယားထုတ်လုပ်မှုသည် သိသိသာသာ တိုးတက်လာကြောင်း၊ ဩစတြေးလျ၊ ကင်ညာနှင့် ဂွာတီမာလာတို့တွင် ထုတ်လုပ်မှုကျဆင်းနေသော်လည်း မက္ကဒေးမီးယားထုတ်လုပ်သည့် ကျန်နိုင်ငံများအားလုံး၏ အထွက်နှုန်းသည် (၁၀) % ပိုမိုတိုးတက်လာကြောင်း၊ တစ်ကမ္ဘာလုံးရှိ မက္ကဒေးမီးယားအစေ့အဆန်ထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်တွင် မက်ထရစ်တန် (၂၉၈,၉၁၄) ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် မက်ထရစ်တန် (၃၁၉,၃၀၆) အထိ တိုးလာခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ပြည်တွင်းမက္ကဒေးမီးယားအစေ့ထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်တွင် တန်ချိန် (၆၂,၅၀၀) ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် မက်ထရစ်တန် (၅၆,၀၀၀) သို့ ကျဆင်းသွားသော်လည်း မက္ကဒေးမီးယားတင်သွင်းမှု အထူးသဖြင့် ကင်ညာနိုင်ငံမှ တင်သွင်းမှုသည် လျင်မြန်စွာ တိုးတက်လာခဲ့ကြောင်း၊ တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကင်ညာနိုင်ငံမှ  မက္ကဒေးမီးယားအစေ့ တန် (၁၀၀) ခန့်၊ တန်ဖိုးအားဖြင့် တရုတ်ယွမ် (၁.၆၅) သန်း (အမေရိကန်ဒေါ်လာ ၂၂၈,၀၀၀) နှင့် အခွံပါ မက္ကဒေးမီးယား (၂၄၈) တန်၊ ယွမ် (၁၇.၄၅ သန်း)(အမေရိကန်ဒေါ်လာ ၂.၄၁ သန်း)ဖိုး တင်သွင်းခဲ့ကြောင်း၊  ၂၀၂၂ ခုနှစ်တွင် မက္ကဒေးမီးယားအစေ့ (၉၄၉) တန်နှင့် အခွံပါမက္ကဒေးမီးယားအစေ့ (၆၀၉) တန်၊ တန်ဖိုးအားဖြင့် စုစုပေါင်း ယွမ် (၇၃.၇၄) သန်း (အမေရိကန်ဒေါ်လာ ၁၀.၂ သန်း) အထိ မြင့်တက်လာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကင်ညာနိုင်ငံမှ မက္ကဒေးမီးယားတင်သွင်းမှု အဆ(၂၀)ခန့် တိုးလာခဲ့ကြောင်း၊ ယခင်က တန်ချိန် (၄၀၀) ခန့်သာရှိခဲ့ရာမှ လက်ရှိတွင် (၇,၅၉၅) တန်အထိ တိုးလာခဲ့ကြောင်း သိရှိရပါသည်။

Kenya's Nuts and Oil Crops Directorate မှ ထုတ်ပြန်သော စာရင်းဇယားများအရ မက္ကဒေးမီးယားသီးနှံကို ဓာတ်သတ္တုကြွယ်ဝသော ကုန်းပြင်မြင့်ဒေသ၌ ဟက်တာ (၁၈,၀၀၀) ခန့်တွင် စိုက်ပျိုးထားကြောင်း၊ မကြာသေးမီနှစ်များအတွင်း ကင်ညာသည် သြစတြေးလျနှင့် တောင်အာဖရိကပြီးလျှင် ကမ္ဘာ့တတိယအကြီးဆုံး မက္ကဒေးမီးယား တင်ပို့သူဖြစ်လာကြောင်း၊ ကင်ညာနိုင်ငံသည် ၎င်း၏ မက္ကဒေးမီးယား စုစုပေါင်းထွက်ရှိမှု၏ (၉၃) ရာခိုင်နှုန်းကျော်ကို ပြည်ပသို့ တင်ပို့နေပြီး အမေရိကန်၊ ဂျာမနီ၊ နယ်သာလန်နှင့် တရုတ် (ဟောင်ကောင် အပါအဝင်) သို့ အဓိကတင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

World Macadamia Organisation ၏ အဆိုအရ ကင်ညာနိုင်ငံ၏ မက္ကဒေးမီးယား ထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်တွင် ယခင်နှစ်ထက် (၃.၁) ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စုစုပေါင်း တန်ချိန် (၄၁,၁၅၀) ရှိကြောင်း၊ သို့သော် အလယ်ပိုင်းကုန်းမြင့်ဒေသတွင် စိုက်ပျိုးရာသီတစ်လျှောက် မိုးရွာသွန်းမှု များပြားသဖြင့် ၂၀၂၄ ခုနှစ်တွင် မက္ကဒေးမီးယားထုတ်လုပ်မှု (၁၂)% တိုးလာကာ အရည်အသွေးလည်း သိသိသာသာ တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

 

Source: https://www.producereport.com/article/global-macadamia-production-increases-exports-china-soar

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)