Thailand

ထိုင်းပြည်တွင်း မော်တော်ယာဉ်အစိတ်အပိုင်း ထုတ်လုပ်သူများအား EV (Electric Vehicle) ထုတ်လုပ်သူ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က တိုက်တွန်းထား

Last Updated:

ထိုင်းနိုင်ငံ၌ မော်တော်ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်လျက်ရှိသော ပြည်တွင်းထုတ်လုပ်သူ ၁၂၀ ကျော်အား EV ထောက်ပံ့ရေးကွင်းဆက်ကိုမြှင့်တင်ရန် အရွေ့တစ်ခုကိုရောက်ရှိနေသော တရုတ် EV ထုတ်လုပ်သူ BYD နှင့် ပူးပေါင်းဆောင်ရွက်ရန် အားပေးတိုက်တွန်းကြောင်း ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ Mr. Narit Therdsteerasukdi က ပြောကြားလိုက်ပါသည်။

BYD အစိတ်အပိုင်းများ ထုတ်လုပ်သူများအား  မိတ်ဆက်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ခြင်းဆိုင်ရာ အခမ်းအနားတစ်ခုဖြစ်သည့် “BYD Sourcing Day” ကို ဇူလိုင်လ ၁၁ ရက်နေ့က Chon Buri ၌ ကျင်းပခဲ့ပါကြောင်း၊ ယင်းအခမ်းအနားသို့ ထိုင်းနိုင်ငံထုတ်လုပ်သူများအား ဖိတ်ကြားခြင်းခံရပါကြောင်း၊ EV နယ်ပယ်ကို မြှင့်တင်ရန် BoI အနေဖြင့် ရင်းနှီးမြှုပ်နှံသူများအား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာခံစားခွင့်များရရှိရေး အာမခံပေးရုံသာမက မော်တော်ယာဉ် အစိတ်အပိုင်းထုတ်လုပ်သည့် လုပ်ငန်းများအကြား ချိတ်ဆက်မှုများလည်း ဆောင်ရွက်ပေးပါကြောင်း ၎င်းကဆက်လက်ပြောကြားပါသည်။

အခမ်းအနားသို့ BoI၊ BYD Auto (Thailand)နှင့် WHA Corp အပါအဝင် စွမ်းအင်သုံးရထား ထုတ်လုပ်သူများ၊ ဘတ္တရီအစိတ်အပိုင်း ထုတ်လုပ်သူများ၊ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုပေးသူများ စသည့်အချိတ်အဆက်များစွာ ပါဝင်တက်‌ရောက်ကြပါကြောင်း၊ ယင်းအချိတ်အဆက်များသည် BYD EV လုပ်ငန်းအတွက် အရေးကြီးပါကြောင်း၊ BYD သည် အစိုးရ၏ EV နယ်ပယ် မြှင့်တင်ရေးဆိုင်ရာမူဝါဒများကို လိုက်နာပြီး စီမံကိန်း ၆ ခုအတွက် ရင်းနှီးမြှုပ်နှံမှုခံစားခွင့် ဘတ် ၃၀ ဘီလီယံ ရရှိခံစားပြီးဖြစ်ကြောင်း Mr. Narit က ရှင်းလင်းပါသည်။

BYD သည် ထိုင်းနိုင်ငံ၏ EV ကဏ္ဍတွင် ဈေးကွက်ပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း (မော်တော်ယာဉ် ၁၅,၀၀၀ စီးခန့်) ရှိပါကြောင်း၊ နေ့စဉ် မော်တော်ယာဉ် ၂၀၀ စီးခန့်ကို ကြိုတင်မှာယူမှုများရှိပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် လျှပ်စစ်ခရီးသည်တင်ယာဉ်ထုတ်လုပ်မည့် စက်ရုံကို စတင်လည်ပတ်သွားမည်ဖြစ်ကြောင်း၊ နှစ်စဉ် EV အစီးရေ ၁၅၀,၀၀၀ စီး ထုတ်လုပ်နိုင်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Mr. Narit က ပြောကြားပါသည်။

 

 

         

Source:www.bangkok post. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand