Thailand

ထိုင်းနိုင်ငံ စက်မှုဝန်ကြီးဌာနအနေဖြင့် ကုန်ပစ္စည်းများ၏ အရည်အသွေးစစ်ဆေးခြင်းကို တွန်းအားပေး ဆောင်ရွက်သွားစေလို

Last Updated:

တရုတ်နိုင်ငံမှ တန်ဖိုးနည်း တင်သွင်းကုန်ပစ္စည်းများ ဝင်ရောက်လာခြင်းကို ထိန်းချုပ်ရန် ရည်ရွယ်၍ Regulatory ယူနစ်အသစ်တစ်ခု ဖွဲ့စည်းရန် ထိုင်းနိုင်ငံ စက်မှုဝန်ကြီးဌာနအား တိုက်တွန်းလိုပါကြောင်း၊ ယင်းအဖွဲ့ကို စီမံခန့်ခွဲရာတွင် အစိုးရ သို့မဟုတ် စီးပွားရေး ကဏ္ဍတို့မှ မည်သူမဆိုဆောင်ရွက်နိုင်ပါကြောင်း၊ အဓိက ရည်ရွယ်ချက်မှာ ဝန်ကြီးဌာန၏  ထိုင်းစက်မှုစံချိန်စံညွှန်း အင်စတီကျု (Thai Industrial Standards Institute –TISI) ကို ကုန်စည်များ၏ အရည်အသွေးနှင့် လုံခြုံစိတ်ချရမှု စစ်ဆေးရာတွင် ကူညီပေးရန်ဖြစ်ကြောင်း ထိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Mr. Thawee Piyapatana က ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံမှ ဈေးနည်းသော ကုန်စည်များတင်သွင်းလာမှုသည် မြင့်တက်လာပါကြောင်း၊ ထိုင်းဈေးကွက်အတွင်း စုပြုံစွန့်ပစ်ခြင်းပုံစံမျိုးကို ဖြစ်စေမည်ဖြစ်ကြောင်း၊ အင်စတီကျုအနေဖြင့် အရည်အသွေးမမီ ကုန်စည်များကို စစ်ဆေးရန်အတွက် လူအင်အားမလုံလောက်သဖြင့် လုပ်ငန်းဆောင်ရွက်မှုတွင် နှေးကွေးနေသည်ဟု ထင်မြင်မိပါကြောင်း၊ အရည်အသွေးမမီ ဈေးနည်းသော တရုတ်ကုန်စည်များကြောင့် သံမဏိ၊ အလူမီနီယံ၊ ပလပ်စတစ်၊ ရေနံဓာတုနှင့် ဆေးဘက်ဆိုင်ရာစသည့် ထိုင်းပြည်တွင်း ထုတ်လုပ်သည့် ကဏ္ဍ ၂၀ ခန့်တွင် ထိခိုက်မှုရှိနေပါကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ထိုင်းနိုင်ငံအစိုးရက တရုတ်ကုန်စည်များအတွက် သက်သေခံလက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းစဉ်ကို တိုးမြှင့်မဆောင်ရွက်ပါက တင်သွင်းမှုပမာဏ ပိုမိုမြင့်တက်လာနိုင်ပြီး ပြည်တွင်း အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ထိခိုက်လာနိုင်ကြောင်း၊ အသင်းချုပ်အနေဖြင့် စိုးရိမ်ပူပန်လျက်ရှိပါကြောင်း၊ ထိုင်း-တရုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်အရ တရုတ်လုပ်ငန်းများက အခွန်မပေးဆောင်ရသဖြင့် တရုတ်ကုန်စည်များ၏ ဈေးနှုန်းအပေါ် ထိုင်းနိုင်ငံ ထုတ်လုပ်သူများအနေ ဖြင့် မယှဉ်ပြိုင်နိုင်ပါကြောင်း Mr. Thawee က ဖြည့်စွက်ပြောကြားပါသည်။

တရုတ်သွင်းကုန်များ မြင့်တက်လာပါက ကုန်သွယ်မှုလိုငွေဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ပို့ကုန်အတွက် အကောက်ခွန်ရှင်းလင်းခဲ့မှုသည် အမေရိကန်ဒေါ်လာ ၂၄.၃ ဘီလီယံဖြစ်ပြီး သွင်းကုန် ၁၂.၈ ရာခိုင်နှုန်း ကျုံ့ခဲ့သဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၃၆၀ သန်း ဖြစ်ပေါ်ခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါကြောင်း၊ ပထမ ၆ လအတွင်း တရုတ်သွင်း ကုန်များ တင်သွင်းမှုသည် အလျင်အမြန်မြင့်တက်လာခဲ့ပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုလိုငွေများစွာဖြစ်ပေါ်ခဲ့ကြောင်း အသင်းချုပ်၏ ဥက္ကဋ္ဌဖြစ်သူ Mr. Kriengkrai Thiennukul က ဖြည့်စွက် အကြံပြုထားပါသည်။

 

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand