Phillippines

ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနမှ ပီဆို ၆၅ ဘီလီယံရှိ စီမံကိန်းအသစ် (၄) ခုအား အကောင်အထည်ဖော်သွားမည်ဖြစ်

Last Updated:

ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနသည် နိုင်ငံတွင်း လယ်ယာထုတ်လုပ်မှုတိုးမြင့်စေရန်ရည်ရွယ်၍ ပီဆို ၆၅ ဘီလီယံရှိ စီမံကိန်းအသစ် ၄ ခုအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ နိုင်ငံတကာသို့ငွေကြေးထောက်ပံ့ပေးနေသည့်အဖွဲ့အစည်း များဖြစ်သော ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂလက်အောက်ခံ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်းတို့နှင့် ပူးပေါင်း၍ အဆိုပါစီမံကိန်းများအား အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။

စားသောက်ကုန်ပစ္စည်းထုတ်လုပ်ခြင်းကဏ္ဍတွင် ပိုမိုချဲ့ထွင်၍ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတဝှမ်းလုံးအတွက် အထူးသဖြင့်ကျေးလက်ဒေသတွင် အလုပ်အကိုင်အခွင့်အလန်းများ ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၇၀ % ဖြစ်သော ပီဆို ၄၅.၀၁၂ ဘီလီယံအား  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ပါသည်။

လယ်ယာ၊သားငါးကဏ္ဍကို စီးပွားဖြစ်လုပ်ငန်းအဖြစ် ဦးတည်သော ချဉ်းကပ်မှုနည်းလမ်းဖြစ်သည့် ပြန့်ကျဲနေသောထုတ်လုပ်သူများအား စီးပွားရေးအဖွဲ့အစည်းအသွင် စုစည်းပေးမည့် ဖိလစ်ပိုင်ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်း (PRDP) ကို စိုက်ပျိုးရေးဌာနက ကာလရှည်အကောင်အထည်ဖော်လျက်ရှိပါသည်။  ထိုမှတစ်ဆင့် အခြေခံအဆောက်အအုံများ ဖြစ်သောသယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေရန်လယ်ကွင်းများမှဈေးသို့သွားရာ လမ်းများ ဖောက်လုပ်ခြင်း၊ ရိတ်သိမ်းပြီးချိန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက် လိုအပ်သောပစ္စည်းများတပ်ဆင်ခြင်း၊ အအေးခန်းထိန်းသိမ်းမှုနည်းစနစ်များ တည်ဆောက် ခြင်းကဲ့သို့သော လုပ်ငန်းများတွင် ဆက်လက်ရင်းနှီးမြှုပ်နှံသွားရန် ရည်ရွယ်ပါသည်။

ထပ်မံဖြန့်ကျက်ဆောင်ရွက်မည်ဆိုပါက နိုင်ငံတဝှမ်းရှိ ပြည်နယ် ၈၂ ခု မှ တောင်သူများနှင့် ငါးဖမ်းသမားများအနေဖြင့်ဈေးကွက်တိုးချဲ့နိုင်မည် ဖြစ်ပြီးစိုက်ပျိုးမွေးမြူရေး လုပ်ငန်းတန်ဖိုးကွင်းဆက်များမှတစ်ဆင့် ၎င်းတို့၏ ဝင်ငွေများမှာလည်း မြင့်မားလာမည်ဖြစ်ပါသည်။

ထို့ပြင် စိုက်ပျိုးရေးဌာနသည် Philippines Fisheries and Coastal Resiliency Project တွင် ပီဆို ၁၁.၄၂၂ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါကြောင်း၊ ရည်ရွယ်ချက်မှာ သတ်မှတ်ရွေးချယ်ထားသော ပြည်နယ်၂၄ ခုရှိ သားငါးကဏ္ဍတွင် ထုတ်လုပ်မှုတန်ဖိုး မြင့်တက်လာစေရန်နှင့် ငါးအရင်းအမြစ် စီမံခန့်ခွဲမှု ပိုမိုအားကောင်းလာစေရန်တို့ ဖြစ်ပါသည်။

အခြားတစ်ဖက်တွင်လည်း Mindanao Inclusive Agriculture Development Project တွင် ပီဆို ၆.၆၂၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး Zamboanga Peninsula, Northern Mindanao, Davao, Soccsksargen, Caraga နှင့် Bangsamoro ဒေသများအား အဓိကရည်ရွယ်ကြောင်း ဖော်ပြပါရှိပါသည်။

ကျန်ရှိသည့် ပီဆို ၂.၃ ဘီလီယံအား Philippines Agriculture to Climate Change Project တွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းနှင့် ရာသီဥတုဒဏ်ခံနေရသည့် Cordilleras, Cagayan Valley, Bicol, Northern Mindanao နှင့် Soccsksargen ဒေသများရှိ တောင်သူများနှင့် ပါဝင်သက်ဆိုင်သည့် အဖွဲ့အစည်းများအတွက် အဓိထား အသုံးပြုသွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

အဆိုပါစီမံကိန်းများအား အကောင်အထည်ဖော်ခြင်းသည် နိုင်ငံတစ်ဝှမ်းရှိ ငွေကြေး ဖောင်းပွနှုန်းအား လျှော့ချနိုင်လိမ့်မည့်ဟုလည်း မျှော်မှန်းထားပါကြောင်း ရေးသားဖော်ပြ ပါရှိပါသည်။

 

 

 

Source: https://www.philstar.com/business/2023/05/17/2266770/da-implement-4-new-projects-worth-p65-billion

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines