Germany

ဘတ်ဂျက်အခြေအနေ တိုးတက်မှုမရှိသော ဂျာမနီတွင် အခွန်ရငွေ လျော့နည်းမှုနှင့် ရင်ဆိုင်နေရ

Last Updated:

ဂျာမနီတွင် ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းရန် သက်သာရာရစေသည့် နည်းလမ်းအစီအမံများအား အကောင်အထည်ဖော်ပြီးနောက်လာမည့်နှစ်တွင် အခွန်ငွေရရှိမှုလျော့နည်းသွားလိမ့်မည်ဟု မျှော်လင့်ရသည်။ ယင်းကိစ္စသည် ဂျာမန်ဝန်ကြီးချုပ် Mr. Olaf Scholz ၏ ညွန့်ပေါင်းအစိုးရအဖွဲ့ရှိ ပါတီသုံးခုအကြား ဆက်ဆံရေးကို ရှုပ်ထွေးစေနိုင်ပါသည်။

အစိုးရ၏ အခွန်ရငွေသည် ၂၀၂၄ ခုနှစ်တွင် မျှော်မှန်းထားသည်ထက် လျော့နည်းလိမ့်မည်ဖြစ်ကြောင်း ဂျာမန်ဘဏ္ဍာရေးဝန်ကြီးဌာနက ၁၁-၅-၂၀၂၃ ရက်တွင် ပြောကြားခဲ့ရာ ယင်းသည်ဝန်ကြီးချုပ် Olaf Scholz ၏ အစိုးရရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ပိုမိုကြီးထွားလာစေလိမ့်မည်ဖြစ်ပါသည်။ ဘာလင်တွင်လာမည့်နှစ်၌ အခွန်ရငွေမှာ ကြိုတင်ခန့်မှန်းထားသည် ထက် ယူရို ၃၀.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၃.၆ ဘီလီယံ)ခန့် လျော့နည်းသွားလိမ့်မည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက Biannual ခန့်မှန်းချက်တစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ငွေကြေးဖောင်းပွမှုနှင့် လူနေမှုစရိတ်မြင့်တက်လာမှုကို ခံစားနေကြရသော  နိုင်ငံသားများအား ကူညီပေးရန်ရည်ရွယ်လျက် မကြာသေးမီက အခွန်သက်သာခွင့်ဆိုင်ရာအစီအမံများကို ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် နိုင်ငံ၏အခွန်ရငွေ ကျဆင်းသွားရခြင်းဖြစ်ကြောင်း ဂျာမန်ဘဏ္ဍာရေးဝန်ကြီး Mr. Christian Lindner ကပြောကြားခဲ့သည်။

စီးပွားရေးခက်ခဲနေချိန် ကာလများအတွင်း လူတစ်ဦးချင်းစီနှင့် စီးပွားရေးလုပ်ငန်းများအား ငွေပြန်လည်မျှဝေပေးရန် အစိုးရ၏ကြိုးပမ်းအားထုတ်မှုများအပေါ် Mr. Linder က ချီးမွှမ်းခဲ့ သည်။ တစ်ချိန်တည်းမှာပင် Mr. Lindner က ဂျာမနီသည် အခွန်နှင့်စပ်လျဉ်း၍ ပြဿနာမရှိကြောင်း၊ အခွန်ငွေရရှိမှုမြင့်မားသော နိုင်ငံဖြစ်ခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

စီးပွားရေးကိုသာ အဓိကထားဆောင်ရွက်သည့် လွတ်လပ်သော ဒီမိုကရက်တစ်ပါတီ (FDP) ၏ ခေါင်းဆောင်က အစိုးရအနေဖြင့် အသုံးစရိတ်ကို ယခင်ကထက် လျှော့ချသုံးစွဲရမည်ဖြစ်ကြောင်း၊ ပိုမိုချွေတာရမည်ဖြစ်ကြောင်းနှင့် အသုံးစရိတ်အသစ်များ မဖြစ်ပေါ်လာစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်းစစ်ပွဲနှင့် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန်လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နေရသည့်ကြားတွင် ဂျာမန်ကာကွယ်ရေးအသုံးစရိတ်ကို ယူရိုဘီလီယံ ၁၀၀ အထိ တိုးမြှင့်ရန် ဝန်ကြီးချုပ် Olaf Scholz ၏ ကတိကဝတ်ပြုမှုသည် ဂျာမနီ၏ ဘတ်ဂျက်အလားအလာကို ပိုမိုရှုပ်ထွေးစေခဲ့သည်။

အသုံးစရိတ် အစီအစဉ်အသစ်များကို အဆက်မပြတ် အသုံးပြုနေမည့်အစား တည်ငြိမ်မှုရှိပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများအား လူတိုင်းလက်ခံလာနိုင်သောအခြေအနေသို့ ရောက်ရှိစေရန် အစိုးရအနေဖြင့် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများနှင့်အညီ အစီအမံများဆောင်ရွက်ပေးနိုင်သည့် ဘဏ္ဍာရေးမူဝါဒဖက်သို့ ပြန်သွားရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Mr. Lindner က ပြောကြားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးသည် ဂျာမနီနိုင်ငံ၏ အခြေခံဥပဒေ (သို့မဟုတ်) ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသော "Schuldenbremse" (အကြွေးဘရိတ်) ဟုခေါ်သည့် ရေရှည်တွင် လိုငွေပြမှုမရှိစေရေးနှင့် ကြွေးမြီမြင့်တက်လာမှုကို ကာကွယ်ပေးနိုင်မည့် ဖယ်ဒရယ်အသုံးစရိတ်စီမံခန့်ခွဲမှုဆိုင်ရာ ရိုးရှင်းသောလုပ်ထုံးလုပ်နည်းတစ်ခုကို ပြန်လည်အသက်သွင်းပေးမည်ဟူသည့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်စဉ်က ကတိကို ဖြည့်ဆည်းပေးရန် အထူးစိတ်အားထက်သန်လျက်ရှိပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းက စီးပွားရေးအခြေအနေကို မြှင့်တင်နိုင်ရေးအတွက် အစိုးရက ဘဏ္ဍာရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့သဖြင့် ဂျာမနီနိုင်ငံ၏ ကြွေးမြီနှင့် GDP အချိုးကို ကန့်သတ်ထားသည့် စည်းမျဉ်းအား၂၀၂၀ ပြည့်နှစ်တွင် ဆိုင်းငံ့ထားခဲ့သည်။

ဘဏ္ဍာရေးဆိုင်ရာကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ တိုက်တွန်းထားသည့် ဘဏ္ဍာရေးဝန်ကြီး Mr. Linder ၏ ကြေညာချက်များသည် ဂျာမနီ၏ ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်းရှိ အခြားသော ပါတီနှစ်ခုဖြစ်ကြသည့် centre-left Social Democratic Political Party (SPD)နှင့် Greens Party တို့နှင့် ဆန့်ကျင်ဘက် ဖြစ်စေနိုင်ပါသည်။

SPD နှင့် Greens ပါတီ နှစ်ခုစလုံးအနေဖြင့် လာမည့်ဘတ်ဂျက်တွင် လူမှုရေးကိစ္စရပ်များ အတွက် အသုံးစရိတ်ဖြတ်တောက်ခြင်း ခံခဲ့ရသည့်အပေါ် ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ ပြီးဖြစ်သည်။ Greens ပါတီက လေထုထဲတွင်ကာဗွန်ဒိုင်အောက်ဆိုဒ် ပျံ့နှံ့မှုကင်းစင်စေရေးအတွက် စီးပွားရေးလုပ်ငန်းများအားလုံး၌ ဓါတ်ငွေ့ထုတ်လွှတ်မှုပပျောက်သွားစေရေး စီမံချက် (climate neutral economy) အဖြစ် ကူးပြောင်းနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု အသစ်များကို သီးခြားတောင်းဆိုခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုအသစ်များ (သို့မဟုတ်) အစိုးရ၏အစီအစဉ်များမှာ စီးပွားရေးအပေါ် အပြုသဘောမဆောင်သော သက်ရောက်မှုများရှိနေခြင်းကြောင့် ယင်းကိစ္စများတွင် ရန်ပုံငွေ သုံးစွဲနိုင်ရေးအတွက် အခွန်တိုးမြှင့်ကောက်ခံမည့်ကိစ္စကိုလည်း FDP က ပယ်ချခဲ့ပြီးဖြစ်သည်။

ဇွန်လ ၂၁ ရက်အတွက် ဈေးကွက်ရှိ ကုန်စည်များ၏ ဈေးနှုန်းနှင့်  စားသုံးသူဝင်ငွေတို့အကြား ထိန်းညှိပေးမည့် budget set အပေါ် မျှော်လင့်ထားသည့် ဆုံးဖြတ်ချက်တစ်ခုကို ပြန်လည်ရုတ်သိမ်းခံရလိမ့်မည်ဟု ဝန်ကြီး Mr. Linder ပြောထားသည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ အပေးအယူတစ်ခုပြုလုပ်ရန် ပါတီသုံးခုမှ ကြိုးပမ်းညှိနှိုင်းလျက်ရှိပါသည်။

တစ်ချိန်တည်းတွင် အတိုက်အခံ ကွန်ဆာဗေးတစ်ခရစ်ယာန် ဒီမိုကရက်တစ်သမဂ္ဂ (CDU)က အစိုးရ၏အားအင်မရှိ ထိုင်းမှိုင်း၍ ငြီးငွေ့ဖွယ်ကောင်းသော ဘဏ္ဍာရေးမူဝါဒကို ဝေဖန်ခဲ့သည်။

ဂျာမန်ပါလီမန် (Bundestag) ရှိ Budget Committee တွင် အဖွဲ့ဝင်ဖြစ်သော CDU ၏အဖွဲ့ဝင် Christian Haase ကလည်း SPD နှင့် Greens ပါတီတို့အား စိတ်ကူးယဉ်ဝါဒီများအဖြစ် သရော်၍ ၎င်းတို့အား တားဆီးရမည်ဟု ပြောကြားခဲ့သည်။

 

 

 

Source:   https://www.dw.com/en/germany-faces-tax-revenue-squeeze-amid-budget-gridlock/a-65595516

(စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany