Thailand

တရုတ်နိုင်ငံ၏ ဝယ်လိုအားမြင့်တက်လာမှုကြောင့် ထိုင်းသစ်သီးဈေးနှုန်းမြင့်တက်

Last Updated:

ထိုင်းနိုင်ငံအတွင်းရှိ သစ်သီးများ၏ဈေးနှုန်း အထူးသဖြင့် ဒူးရင်းသီးနှင့် မင်းဂွတ်သီးဈေးနှုန်းများသည် တရုတ်၏ဝယ်လိုအားအဆက်မပြတ် မြင့်တက်လာခြင်း၊ ပို့ဆောင်ရေးဝန်ဆောင်မှုများ တိုးတက်လာခြင်းနှင့် တင်ပို့မှုကုန်ကျစရိတ်ကျဆင်းလာခြင်းတို့ကြောင့် မြင့်တက်လာကြောင်း ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Wattanasak Sur-iam က ပြောကြားလိုက်ပါသည်။

အဆင့် A နှင့် B ရှိသောဒူးရင်းသီးဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ဘတ် ၁၉၀-၂၀၀အတွင်းရှိပြီး ယခုနှစ်ရာသီအတွက်  အမြင့်ဆုံးဖြစ်ကြောင်း၊ မင်းဂွတ်သီးဈေးနှုန်းမှာ ၁ ကီလို ဂရမ်လျှင် ဘတ် ၂၀၀ ရှိကြောင်း ၎င်းကဆိုပါသည်။

ပို့ဆောင်ရေးဝန်ဆောင်မှုတွင် ကုန်သေတ္တာအများအပြား တင်ဆောင်ထားသော သင်္ဘော ၂၈ စီး ရောက်ရှိလာသဖြင့် တင်ပို့မှုစွမ်းရည်ကို ချဲ့ထွင်နိုင်ခဲ့ကြောင်း၊ ဦးစီးဌာနအနေဖြင့်  သစ်သီးအထွက်နှုန်းအမြင့်ဆုံးရာသီတွင် သစ်သီးများနှင့် လယ်ယာထွက်ကုန်များကို ဝယ်ယူရန်လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သည့် “Omkoi Model” ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၆ လတာကာလအတွင်း လယ်ယာထွက်ကုန် တန်ချိန် ၂၀၀,၀၀၀ ကိုဝယ်ယူနိုင်ခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံမြောက်ပိုင်းမှထွက်ရှိသော လိုင်ချီးသီးနှင့် လေချူသီး၊ တောင်ပိုင်းမှထွက်ရှိသော ကနစိုသီးတို့အား အဆိုပါဝယ်ယူမှုပုံစံဖြင့်ဝယ်ယူလျက်ရှိပါကြောင်း ရှင်းလင်းပါသည်။

ထိုင်းနိုင်ငံ၊ အရှေ့ပိုင်းမှ ဒူးရင်းသီးနှင့် ကြက်မောက်သီး အထွက်နှုန်းမှာလည်း မြင့်တက်လျက်ရှိပြီးဈေးကွက်အတွင်းသို့ ဖြန့်ချိလျက်ရှိပါကြောင်း ဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Goranij Nonejuie က ဖြည့်စွက်ပြောကြားပါသည်။

 

 

 

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့ )

Source: www.bangkok.gov         

Category: Thailand