China (HongKong)

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (RCEP) သို့ ဟောင်ကောင် ဝင်ရောက်နိုင်ရေး တရုတ်ထောက်ခံ

Last Updated:

ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေး သဘောတူညီချက်ဖြစ်သည့် RCEP သို့ ဟောင်ကောင်ဒေသ ဝင်ရောက်နိုင်ရေးအတွက် ထောက်ခံကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အဆင့်မြင့် သံတမန်တစ်ဦးက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်းနှင့် ထိုသို့ပြောကြားမှုသည် ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူး John Lee ၏ ဇွန်လကုန်ပိုင်းတွင် အာဆီယံအဖွဲ့ဝင် သုံးနိုင်ငံသို့  သွားရောက်၍ စီးပွားရေးရာ ဆွေးနွေးမှုများအတွက် အထောက်အကူဖြစ်စေမှာဖြစ်သည်ဟု လေ့လာသူများက ပြောကြားခဲ့ပါသည်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအပါအဝင် အာရှ-ပစိဖိတ်ဒေသမှ နိုင်ငံပေါင်း ၁၅ နိုင်ငံပါဝင်သည့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တွင် ဟောင်ကောင်ဒေသဝင်ရောက်မှုကို ထောက်ခံကြောင်းနှင့် အာဆီယံနိုင်ငံများ၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့အနေဖြင့် ပွင့်လင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို လက်ကိုင်ထားပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင်သွားရန်နှင့်  တရုတ်နိုင်ငံအနေဖြင့် တည်ငြိမ်ချောမွေ့ပြီး ယှဉ်ပြိုင်အကျိုးကျေးဇူးကို အခြေခံသည့် ဒေသတွင်းထုတ်လုပ်မှုနှင့် ရောင်းဝယ်မှု ကွင်းဆက်စနစ် တည်ဆောက်ရေးကို အားပေးထောက်ခံကြောင်း ဇွန်လ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အာဆီယံအပေါင်းသုံး နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးတွင် Wan က ပြောကြားခဲ့ပါသည်။

ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့လာစေရန် ပိုမိုခိုင်မာသည့် အရှေ့အာရှအသိုင်းအဝိုင်း တစ်ခုတည်ဆောက်ရန်အတွက် အာဆီယံအပေါင်းသုံးနိုင်ငံများအကြား နောက်တစ်ဆင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လမ်းကြောင်း ၃ ခု ကို လာမည့်ငါးနှစ် အာဆီယံအပေါင်းသုံး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက်အတွက် ရည်ညွှန်းကိုးကားနိုင်ရန် အဆိုပြုတင်ပြခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်သက်ဝင်ခဲ့သည့် RCEP သဘောတူညီချက်သည် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံနှင့် ကမ္ဘာ့ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းပါဝင်ပြီး အမေရိကန်ဦးဆောင်သည့် Trans-Pacific Partnership သဘောတူစာချုပ်အပြင် နောက်ထပ်ရွေးချယ်စရာ တစ်ခုအဖြစ် ယူဆခံထားရသည့် သဘောတူညီချက်တစ်ခုဖြစ်ပါသည်။ အစည်းအဝေးတွင် “common security” နှင့်စပ်လျဉ်း၍ Wang က အလေးထားပြောကြားခဲ့ပြီး၊ အစားအစာရောင်းဝယ်မှု ကွင်းဆက်တွင် လုံခြုံမှုရှိစေရန် ဒေသတွင်းနိုင်ငံများအနေဖြင့် ပဋိပက္ခတုံ့ပြန်မှု၌ ထိရောက်မှုမြှင့်တင်ရေးကို အစဉ်တစိုက်လုပ်ဆောင်သွားရန် တောင်းဆိုခဲ့ပြီး၊  ဂျပန်အနေဖြင့် နျူကလီးယား ဓာတ်ကြွင်းသည့် ရေဆိုးများ စွန့်ထုတ်မှုနှင့်ပတ်သက်၍ ထပ်မံစဉ်းစားရန် ပြောကြားခဲ့ပါသည်။

ဟောင်ကောင်ဒေသမှ RCEP သို့ ဝင်ရောက်ခွင့် ကမ်းလှမ်းလာခြင်းအပေါ် စာချုပ်အဖွဲ့ဝင် နိုင်ငံအားလုံး၏ သဘောတူညီချက်ရရှိရမည် ဖြစ်ပါသည်။ RCEP သဘောတူစာချုပ်တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့နှင့် အာဆီယံ၏ အဓိကကုန်သွယ်ဖက်များဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ပါဝင်ပါသည်။

အာဆီယံသည့် ဟောင်ကောင်ဒေသ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ၂၀၂၂ ခုနှစ် အတွင်း နှစ်ဖက်ကုန်စည်ကုန်သွယ်မှုတန်ဖိုး ဟောင်ကောင်ဒေါ်လာ ၁.၂၉ တြီလီယံရှိခဲ့ကြောင်းနှင့် ဟောင်ကောင်ဒေသသည် အာဆီယံနှင့် တရုတ်ပြည်မအကြား အဓိကကျသည့် ချိတ်ဆက်မှုတစ်ခု အဖြစ်တည်ရှိနေကြောင်း၊ ယမန်နှစ်အတွင်း ဟောင်ကောင်ဒေသကို ဖြတ်သန်းသွားသည့် အာဆီယံနှင့် တရုတ်ပြည်မအကြား ကုန်သွယ်မှုသည် ဟောင်ကောင်ဒေါ်လာ ၆၁၇ ဘီလီယံရှိပါသည်။

 

 

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)