Germany

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများစတင်ရန် စိတ်ပါဝင်စားမှုကျဆင်းလာသော ဂျာမနီနိုင်ငံ

Last Updated:

ဂျာမနီနိုင်ငံတွင် နေထိုင်ကြသူများသည် စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း(သို့မဟုတ်)ကိုယ်ပိုင် လုပ်ငန်းတစ်ခု လုပ်ဆောင်လိုခြင်းတို့အပေါ် စိတ်ပါဝင်စားမှု နည်းသထက်နည်းလာကြသည်။ ဒေသဆိုင်ရာ Chambers of Industry and Commerce (DIHK) အနေဖြင့် စီးပွားရေး စတင် လုပ်ဆောင်ကြမည့်သူများအတွက် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ပေးရသည့် အကြိမ်အရေအတွက်သည် ၂၀၂၂ ခုနှစ်တွင် ၁၅၄,၇၈၅ ကြိမ်သာရှိခဲ့ရာ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပါသည်။ ၎င်းမှာ ရေတွက်မှုစတင်ခဲ့သည့် ၂၀၀၂ ခုနှစ်မှ ယနေ့အထိ ကာလအတွင်း အနိမ့်ဆုံးအဆင့်ဖြစ်ခဲ့သည်ဟု DIHK က ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ ညှိနှိုင်းဆွေးနွေးမှု အကြိမ်အရေအတွက်မှာ ၂၀၂၀ ပြည့်နှစ်တွင်ပင် ၄၃၁,၀၀၀ ကြိမ်ခန့် ရှိခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကာလအပြီးတွင် လက်လီလုပ်ငန်းများ (သို့မဟုတ်) စားသောက်ကုန်ဆိုင်ရာလုပ်ငန်းများ နာလန်မထူနိုင်ခဲ့သည့်အခြေအနေရှိကြောင်းနှင့် ခိုင်မာသော စီမံကိန်းများအတွက် ညှိနှိုင်းဆွေးနွေးမှုများ မည်သို့ပင်ဆောင်ရွက်ခဲ့စေကာမူ အကျပ်အတည်းမတိုင်မီကာလ ဖြစ်သော ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၄၂ ရာခိုင်နှုန်းခန့် သိသိသာသာကျဆင်းနေခဲ့ကြောင်း DIHK က ထပ်လောင်းပြောကြားခဲ့သည်။

ကာလရှည် စီးပွားရေးလမ်းကြောင်းအသစ်မှာလည်း ကျဆင်းနေခဲ့ပြီး၂၀၁၆ နှင့် ၂၀၁၉ ခုနှစ်တို့ မှလွဲ၍ (၁၃)နှစ်တာကာလအတွင်း စီးပွားရေးစတင်ဆောင်ရွက်ရန် ဆွေး‌နွေးညှိနှိုင်းလာသူ တစ်နှစ်ထက်တစ်နှစ် နည်းပါးလာကြောင်း DIHK ၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

DIHK ၏ ဥက္ကဌဖြစ်သူ Peter Adrian က ယင်းသို့ဖြစ်ပေါ်မှုသည်  ဂျာမန်စီးပွားရေးအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်းနှင့် လူအများအနေဖြင့် စီးပွားရေးဆိုင်ရာလုံခြုံမှု မရှိဟုခံစားလာကြကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်မည့်ကိစ္စအပေါ် ရှောင်ဖယ်လာ ကြကြောင်းပြောကြားခဲ့ပါသည်။ ဒေသအလိုက်လူဦးရေစာရင်းပြောင်းလဲမှုများအပြင် မသေချာမရေရာသော မူဘောင်သည်လည်း ကိုယ်ပိုင်စီးပွားရေး စတင်လုပ်ကိုင်ကြမည့်သူများအတွက် အဆိုပါရှောင်ဖယ်မှုကိုဖြစ်စေသည့် အကြောင်းအရင်းတစ်ရပ်ဖြစ်သည်ဟု ထင်မြင်မိကြောင်း၊ သို့ဖြစ်၍ စီးပွားရေးလုပ်ငန်းစတင်မည့်သူများ ပျော်ရွှင်စွာ စတင်လုပ်ကိုင်နိုင်ရန် ၎င်းတို့အဓိက လိုလားသောမက်လုံးများကို သတ်မှတ်ချက်ထား၍ပေးနိုင်ရေးအတွက် Mr. Adrian က နိုင်ငံရေးသမားများအား တောင်းဆိုခဲ့ပါသည်။

 

 

 

Source:   https://www.dw.com/en/germany-interest-in-starting-business-declines/a-66242823

( စီးပွားရေးသံမှူး၊ဂျာမနီနိုင်ငံ)

Category: Germany