နိုင်ငံတကာဝိုင်နှင့်ဝိုင်အဖွဲ့ (OIV) က တရုတ်နိုင်ငံ၏အဖွဲ့ဝင်အဖြစ်လျှောက်ထားမှုကို တရားဝင်လက်ခံလိုက်ပြီဖြစ်ကြောင်းကို ၎င်း၏၀က်ဘ်ဆိုက်တွင်ကြေညာခဲ့ကြောင်း၊ တရုတ်နိုင်ငံ သည် ဝိုင်ထုတ်လုပ်မှုနှင့် စားသုံးမှုအတွက် နိုင်ငံတကာစံနှုန်းများသတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်ကြောင်းသိရှိရပါသည်။
အဆိုပါလျှောက်လွှာကို တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ မေလ ၁၄ ရက်နေ့တွင် တင်သွင်းခဲ့ကြောင်း၊ ၆ လကြာ ညှိနှိုင်းမှုကာလပြီးဆုံးပြီးနောက် ယခုအခါ အောင်မြင်စွာနိဂုံးချုပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံအာဏာပိုင်များက လျှောက်လွှာလက်ခံခြင်းကို တစ်နှစ်အတွင်း အတည်ပြုရမည်ဖြစ်ကြောင်း၊ အဆိုပါကာလအတွင်း တရုတ်နိုင်ငံသည် OIV ၏ လုပ်ငန်းများတွင် အပြည့်အဝပါဝင်ခွင့်ရှိကြောင်း ၎င်း၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်ဟုလည်း သိရှိရပါသည်။
၁၉၂၄ ခုနှစ် နိုဝင်ဘာလတွင် တည်ထောင်ခဲ့သော OIV က ၎င်း၏ နှစ်တစ်ရာပြည့် အခမ်းအနားအပြီးတွင် ၎င်း၏ပထမဆုံးအဖွဲ့ဝင်အသစ်ကိုကြိုဆိုခဲ့ကြောင်း၊ တရုတ်နိုင်ငံတွင် စိုက်ပျိုးထားသော စပျစ်ခြံဧရိယာအရ ကမ္ဘာပေါ်တွင် တတိယနေရာတွင် ရပ်တည်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ၈ နိုင်ငံမြောက် ဝိုင်အများဆုံးသောက်သုံးသူနိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် table grapes အများဆုံး ထုတ်လုပ်သူလည်းဖြစ်ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံ၏ OIV အဖွဲ့ဝင်သို့ဝင်ရောက်မှုသည် အဖွဲ့ဝင်နိုင်ငံ စုစုပေါင်း ၅၁ နိုင်ငံနှင့် ကမ္ဘာ့စိုက်ပျိုးစပျစ်ခြံဧရိယာစုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းအထိအဖွဲ့အစည်း၏ကိုယ်စားပြုမှုကို တိုးမြှင့်ပေးခဲ့ကြောင်းလည်းသိရှိရပါသည်။
နိုင်ငံတကာ စပျစ်သီးနှင့်ဝိုင်ကဏ္ဍ သဟဇာတဖြစ်မှုကိုမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံ က OIV တွင် ပူးပေါင်းပါဝင်ရန် ကတိပြုသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ စပျစ်နှင့်စပျစ်ဝိုင် ထိပ်တန်းနိုင်ငံအဖြစ်နှင့် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် အလွန်အရေးကြီးပါကြောင်း၊ OIV အတွင်းရှိ အခြားသောစပျစ်နွယ်ပင်များနှင့်စပျစ်ဝိုင် ထုတ်လုပ်သည့်နိုင်ငံများနှင့်အတူ တရုတ်နိုင်ငံသည်ပါဝင်လာတော့မည်ဖြစ်ကြောင်း OIV ၏ ညွှန်ကြားရေးမှူးချုပ် John Barker က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Ningxia Hui ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဝိုင်ကုန်စည်ပြပွဲသို့တက်ရောက်စဉ် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
နိုင်ငံတကာဝိုင်ပြိုင်ပွဲများနှင့် ပြပွဲများတွင် Ningxia ၏ စွဲမက်ဖွယ်စွမ်းဆောင်ရည်နှင့် ကမ္ဘာ့အဆင့်မီဝိုင်နယ်မြေတစ်ခုအဖြစ် Ningxia ၏ ဂုဏ်သတင်းကို OIV ၏ ညွှန်ကြားရေးမှူးချုပ် John Barker က ထပ်လောင်းပြောကြားခဲ့သည်ဟုလည်း သိရှိရပါသည်။
၂၀၁၂ ခုနှစ်တွင် Ningxia သည် OIV လေ့လာသူအဆင့်အတန်းကို ရရှိရန်တရုတ်နိုင်ငံ၏ ပထမဆုံးပြည်နယ်အဆင့်ဒေသဖြစ်ခဲ့ကြောင်း၊ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း၊ Ningxia ရှိ Helan တောင်၏ အရှေ့ဘက်တောင်ခြေသည် ကမ္ဘာ့ဝိုင်မြေပုံပေါ်တွင် ထင်ရှားလာခဲ့ပြီး ပြည်တွင်း ဝိုင်များသည် ထိပ်တန်း နိုင်ငံတကာဆုများစွာကို လက်ခံရရှိခဲ့ကြောင်းလည်း သိရှိရပါသည်။
Source: http://en.people.cn/n3/2024/1115/c90000-20242655.html
စီးပွားရေးသံမှူး
ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ