Germany

ဂျာမနီ၏ ညွန့်ပေါင်းအစိုးရအဖွဲ့သည် ၂၀၂၄  ဘတ်ဂျက်မူကြမ်းကိုသဘောတူ

Last Updated:

ဂျာမနီ၏ အာဏာရဗဟိုလက်ဝဲညွန့်ပေါင်းအစိုးရအဖွဲ့သည် ၂၀၂၄ ခုနှစ်အတွက် ဖက်ဒရယ် ဘတ်ဂျက်ဆိုင်ရာ နိုင်ငံရေးသဘောတူညီချက်တစ်ရပ်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ကြောင်း အစိုးရသတင်းအရင်းအမြစ်များက ၁၃-၁၂-၂၀၂၃ ရက်တွင် ပြောကြားခဲ့သည်။

ခုံရုံးက ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးနောက် အစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ ကမောက် ကမဖြစ်ခဲ့ပြီး ညွန့်ပေါင်းသုံးပါတီအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာချိန်တွင် အဆိုပါ သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါအတွက် ရည်ရွယ်ထားသော အသုံးမပြုရသေးသည့် ကြွေးမြီယူရို ဘီလီယံ ၆၀ (အမေရိကန်ဒေါ်လာ ၆၄.၆၉ ဘီလီယံ)ကို ရာသီဥတုနှင့် ပြုပြင်ပြောင်းလဲရေးရန်ပုံငွေအဖြစ် ပြောင်းလဲသုံးစွဲရန် ရည်ရွယ်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်မကိုက်ညီကြောင်း ဂျာမနီနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ၁၅-၁၂-၂၀၂၃ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

ခုံရုံး၏ဆုံးဖြတ်ချက်သည် နှစ်စဉ်ပြည်သူ့ဘဏ္ဍာရေးလိုငွေပြမှုကို ဂျာမနီနိုင်ငံစုစုပေါင်းစီးပွားရေး၏ ၀.၃၅ ရာခိုင်နှုန်းခန့်ထက်မပိုစေရန် ကန့်သတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ Debt Brake ကို ရှောင်လွှဲနိုင်ရေးအတွက် လျာထားဘတ်ဂျက်မဟုတ်သော အထူးရန်ပုံငွေများမှ ငွေကြေးများ ကို ခွဲဝေချထားခြင်းနှင့် ထုတ်ယူခြင်းတို့ကို ဆောင်ရွက်နိုင်သည့် အစိုးရ၏ လုပ်ဆောင်နိုင်စွမ်းကို ကန့်သတ်ထားခြင်းဖြစ်သည်။

ပြည်သူ့ဘဏ္ဍာရေးတွင် ခွင့်ပြုဘတ်ဂျက်ထက် ကျော်လွန်သုံးစွဲမှုများရှိခဲ့သဖြင့် လာမည့်နှစ်၂၀၂၄ ခုနှစ် ဘတ်ဂျက်အတွက် လိုငွေ ပြန်လည်ဖြည့်တင်းနိုင်ရန် အစိုးရအနေဖြင့် ယူရို ၁၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈.၃ ဘီလီယံ)အား ရှာဖွေခဲ့ရပြီးဖြစ်သည်။

ခုံရုံး၏ စီရင်ဆုံးဖြတ်ချက်သည် ဆိုရှယ်ဒီမိုကရက်များ၏ပါတီ (SPD)၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒီများ၏ပါတီ (Greens)နှင့် စီးပွားရေးကို အာရုံစိုက်သော လွတ်လပ်သည့် ဒီမိုကရက် များ၏ပါတီ (FDP)တို့ဖြင့် ဖွဲ့စည်းထားသည့် ဝန်ကြီးချုပ် Mr. Scholz ၏ သုံးပါတီညွန့်ပေါင်းအဖွဲ့ အတွင်း တင်းမာမှုများ မြင့်တက်လာစေခဲ့သည်။

ပါတီသုံးဖွဲ့တွင် ဆန့်ကျင်ဘက်ဦးစားပေးများ အသီးသီးရှိကြကာ ဘတ်ဂျက်အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အစီအမံအမျိုးမျိုးကို အကြံပြုခဲ့ကြသည်။ SPD နှင့် Greens တို့သည် အခွန်တိုးမြှင့်ကောက်ခံခြင်းကို လိုလားသော်လည်း FDP သည် အခွန်တိုးမြှင့်လိုခြင်းကို ပယ်ချခဲ့ပြီး သက်သာချောင်ချိရေးရန်ပုံငွေများ ဖြတ်တောက်မည့်ကိစ္စအပေါ် အကြံပြုခဲ့သည်။

SPD နှင့် Greens တို့ကမူ လူမှုရေးအတွက် အကျိုးပြုမည့် ရန်ပုံငွေများ ဖြတ်တောက်မည့်ကိစ္စကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပါသည်။ ၎င်းတို့သည် အစိုးရ၏ တိုးမြှင့်ငွေချေးယူမှုကို ခွင့်ပြုနိုင်ရေးအတွက် Debt Brake ကို ၂၀၂၄ ခုနှစ်တွင်လည်း ထပ်မံရပ်ဆိုင်းလိုကြသည်။ သို့သော် လည်းFDP ကမူ အဆိုပါအဆိုကို ကန့်ကွက်ခဲ့ပါသည်။

ဝန်ကြီးချုပ် Mr. Olaf Scholz၊ စီးပွားရေးဝန်ကြီး Mr. Robert Habeck နှင့် ဘဏ္ဍာရေးဝန်ကြီး Mr. Christian Lindner တို့သည် သဘောတူညီချက်၏ အသေးစိတ်အချက်အလက်များကို    ၁၃-၁၂-၂၀၂၃ ရက်တွင် ရှင်းလင်းတင်ပြခဲ့ကြပြီးဖြစ်သည်။

ဝန်ကြီးချုပ် Mr. Scholz က အစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်တွင် Debt Brake ကို ပြန်လည် အသက်သွင်းမည်ဖြစ်ကြောင်းနှင့် ၂၀၂၄ ဘတ်ဂျက်ကိုလည်း ကြွေးမြီစည်းမျဉ်းစည်းကမ်းများ အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အစိုးရသည် ၎င်း၏ မျှော်မှန်းချက်အတိုင်း လိုက်ပါဆောင်ရွက်နေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အတိုင်း ငွေပမာဏနည်းနည်းဖြင့် လုပ်ဆောင်ကြရလိမ့်မည် ဖြစ်သောကြောင့် ဖြတ်တောက်မှုနှင့် စုဆောင်းငွေများ ရှိလာလိမ့်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြား ခဲ့ပါသည်။

Mr. Scholz က ရာသီဥတုနှင့် အသွင်ကူးပြောင်းရေးရန်ပုံငွေသည် ဂျာမန်စီးပွားရေးတွင် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေသော အသွင်ကူးပြောင်းမှုအတွက် အဓိကကိရိယာအဖြစ် ဆက်လက်တည်ရှိနေလိမ့်မည်ဟု အလေးပေး ပြောကြားခဲ့သည်။ သို့သော်လည်း ၂၀၂၄ ခုနှစ်အတွက်ကိုမူ ရန်ပုံငွေ ယူရို ၁၂ ဘီလီယံ ဖြတ်တောက်ခံရလိမ့်မည်ဟု ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။

၁၃-၁၂-၂၀၂၃ ရက်တွင် ဂျာမန်အောက်လွှတ်တော် (Bundestag) ၌ ဝန်ကြီးချုပ် Mr. Scholz က မိန့်ခွန်းပြောကြားရာတွင် နိုင်ငံ၏ လူမှုဘဝလုံခြုံရေး သို့မဟုတ် ဆုံးရှုံးနိုင်ခြေရှိသော အသွင် ကူးပြောင်းမှုများအတွက် ဦးစားပေးဆောင်ရွက်ရမည့် အသုံးစရိတ်များကို ၎င်းတို့ သဘောတူ ခဲ့ကြပြီးဖြစ်ကြောင်း၊ ဖက်ဒရယ်ဘဏ္ဍာရေးဝန်ကြီးဌာနသည် နိုင်ငံရေး အပေးအယူကိစ္စရပ်များကို လျှင်မြန်စွာ အကောင်အထည်ဖော်လိမ့်မည်ဖြစ်ကြောင်းနှင့် Bundestag ကို လိုအပ်သည်များ အားလုံးဖြည့်ဆည်းပေးလိမ့်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ် Mr. Scholz ကစေ့စပ်ဆွေးနွေးညှိနှိုင်းမှုမှာ ခက်ခဲသော်လည်း အပြုသဘောဆောင်ပါကြောင်း၊ နောက်ဆုံးတွင် ကောင်းမွန်၍ စစ်မှန် သော ဒီမိုကရေစီ အပေးအယူ တစ်ခုရရှိခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။

အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့အနေဖြင့် လျှပ်စစ်ကားများ ဝယ်ယူနိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ မက်လုံးပေးထားမှုများအား ယခင်က စီစဉ်ထားသည်ထက် စောစီးစွာ အဆုံးသတ်ရန် သဘောတူခဲ့ကြောင်းကို စီးပွားရေးဝန်ကြီး Mr. Habeck က ပြောကြားခဲ့ပြီး၊ သက်တမ်းကုန်ဆုံးမည့်ရက်ကိုမူ အတိအကျမဖော်ပြခဲ့ပေ။ နေရောင်ခြည်စွမ်းအင်အတွက် ထောက်ပံ့ကြေးများကိုလည်း ဖြတ်တောက်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံ၏ ရထားလမ်းကွန်ရက်ကို ပြန်လည်ပြုပြင်မွမ်းမံရာတွင် သုံးစွဲမည့်ဘဏ္ဍာငွေနှင့် စပ်လျဉ်း၍  ပြောင်းလဲမှုများလည်း ရှိလာမည်ဖြစ်သည်။ နိုင်ငံပိုင်ရထားလမ်း Operator ဖြစ်သော Deutsche Bahn ကို ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းဖြင့် အကျိုးအမြတ် ပိုမိုရရှိလိမ့်မည်ဟု ဘဏ္ဍာရေးဝန်ကြီး    Mr. Lindner က ပြောကြားခဲ့သည်။ Deutsche Bahn သည် ၎င်း၏ လုပ်ငန်းခွဲဖြစ်သော Schenker ကို ရောင်းချလိုခဲ့သည်။

အစိုးရအနေဖြင့် ရာသီဥတုကြောင့် ပျက်စီးခဲ့သော ပျက်စီးမှုများအတွက် ထောက်ပံ့ကြေးများကို ယူရို ၃ ဘီလီယံအထိ လျှော့ချလိမ့်မည်ဟု Mr. Linder က မှတ်ချက်ပြုခဲ့ပါသည်။

သုံးပါတီညွန့်ပေါင်းအစိုးရအဖွဲ့က ယူကရိန်းကို ဂျာမနီကထောက်ပံ့နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။ ဂျာမန်အစိုးရသည် စစ်ဒဏ်ခံခဲ့ရသော နိုင်ငံအတွက် ယူရို ၈ ဘီလီယံတန်ဖိုးရှိ နှစ်နိုင်ငံ တိုက်ရိုက်အကူအညီများကို လာမည့်နှစ်တွင် ပေးအပ်ရန်စီစဉ်နေကြောင်းနှင့် ၎င်းတို့အနေဖြင့် ယင်းတာဝန်ကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Mr. Linder က ပြောကြားခဲ့သည်။ လာမည့်နှစ်တွင် ယူကရိန်းပဋိပက္ခ ပိုမိုဆိုးရွားလာပါက ဂျာမနီအနေဖြင့် တုံ့ပြန်ရလိမ့်မည်ဟု ဝန်ကြီးချုပ် Mr. Scholz က အလေးပေးပြောကြားခဲ့သည်။ ဆိုးရွားသောအခြေအနေဆိုသည်မှာ ဥပမာအားဖြင့် အခြားသော ထောက်ခံသူများက ယူကရိန်းအား ၎င်းတို့၏အကူအညီကို ဖြတ်တောက်ခြင်း သို့မဟုတ် ဂျာမနီနှင့်ဥရောပတို့ ရင်ဆိုင်နေရသော ခြိမ်းခြောက်မှုအဆင့်များ ထပ်မံတိုးလာခြင်းရှိပါက ယင်းအပေါ် တုံ့ပြန်ရလိမ့်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဘတ်ဂျက်သဘောတူညီချက်ကို အစိုးရအဖွဲ့မှ တတ်နိုင်သမျှ ဆောလျင်စွာ အတည်ပြုပေးလိမ့်မည်ဟု ၎င်းအနေဖြင့် မျှော်လင့်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ဂျာမန်အစိုးရကလည်း အထူးဘတ်ဂျက်ကို ကြေညာခဲ့ပါသည်။ ဘတ်ဂျက်မူကြမ်းအတွက် ညွန့်ပေါင်းအစိုးရအဖွဲ့၏ သဘောတူညီချက်ကို ရရှိထားပြီးဖြစ်သော်လည်း အဆိုပါမူကြမ်းကို ဂျာမန် အောက်လွှတ်တော်ဖြစ်သည့် Bundestag က ယခုနှစ်မကုန်မီတွင် အတည်ပြုရန် အချိန်လုံလောက်မှုရှိ-မရှိကို ရှင်းလင်းစွာ မသိရှိရသေးပေ။ အကယ်၍ ၂၀၂၄ ဘတ်ဂျက်ကို အပြီးသတ်ရန် ပျက်ကွက်ပါက (အချိန်မလုံလောက်ပါက) အစိုးရအနေဖြင့် လာမည့်နှစ်ကို ယာယီဘတ်ဂျက်ဖြင့် စတင်ရမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ အစိုးရအသုံးစရိတ်များမှာ ဆက်လက်ရှိနေမည်ဖြစ်ပြီး လူမှုရေးအကျိုး ခံစားခွင့်များ၊ လစာနှင့် ပင်စင်လစာများကဲ့သို့ မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကိုပေးဆောင်သွားမည် ဖြစ်ပါသည်။ သို့သော်လည်း စက်မှုထောက်ပံ့ကြေးများကဲ့သို့သော အခြားအသုံးစရိတ်များမှာမူ ရပ်တန့်နေလိမ့်မည်ဖြစ်ပါသည်။

ယာယီဘတ်ဂျက်ကိုကိုင်တွယ်ရာတွင် ဘဏ္ဍာရေးဝန်ကြီး Mr.Lindner သည် မည်သည့် အသုံးစရိတ်အသစ်ကိုမဆို ဆုံးဖြတ်ပိုင်ခွင့်ရှိမည်ဖြစ်သောကြောင့် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာများ ပိုမိုများပြားလာမည် ဖြစ်ပါသည်။

 

 

 

 

Source:         https://www.dw.com/en/germanys-coalition-government-agrees-on-2024-budget/a-67707922

(စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany