China (HongKong)

ဟောင်ကောင်ဒေသကို နဂါးကဲ့သို့ သန်မာအောင် လုပ်ဆောင်သွားမည်ဟု အုပ်ချုပ်ရေးမှူးချုပ် ပြောကြား

Last Updated:

မည်သည့်အတားအဆီးများရှိစေကာမူ တရုတ်နှစ်သစ်ဖြစ်သည့် နဂါးနှစ်တွင် ဟောင်ကောင်ဒေသကို နဂါးကဲ့သို့ သန်မာအောင် လုပ်ဆောင်သွားလိုကြောင်း ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူးချုပ် John Lee က ဖေဖော်ဝါရီလ ၁၀ တွင်ပြောကြားခဲ့သည်ဟု rthk သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် “HK to grow strong like a dragon, CE vows” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

တရုတ်ပြည်မ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ပူးပေါင်းပါဝင်ပြီး ဟောင်ကောင်ဒေသအနေဖြင့် ယှဉ်ပြိုင်နိုင်မှုပိုရှိကာ စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်နိုင်သော ဒေသဖြစ်လာရန် လုပ်ဆောင်သွားရေးသည် အစိုးရ၏ ဦးစားပေး ဆောင်ရွက်ချက်များဖြစ်သည်ဟု တရုတ်နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် အုပ်ချုပ်ရေးမှူးချုပ်က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ စီးပွားရေးတိုးတက်စေရန် ဆောင်ရွက်ချက်များ ပြောကြားရာတွင် အရင်းအနှီး ပမာဏကြီးကြီးမားမား စီမံခန့်ခွဲသည့် အဖွဲ့အစည်းများအား ဆွဲဆောင်ရန် ထည့်သွင်းပြောကြားခဲ့ပြီး၊ ဒေသအစိုးရအနေဖြင့် ကမ္ဘာတစ်ဝှမ်းမှ ကြွယ်ဝချမ်းသာသူများနှင့် စီးပွားရေးလုပ်ငန်းကြီးများကို ဟောင်ကောင်ဒေသသို့ လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက် ဆွဲဆောင်သွားမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အလားတူ ဟောင်ကောင်ဒေသတွင် headquarters economy တစ်ခု တည်ထောင်နိုင်ရေးအတွက် ပြည်တွင်းပြည်ပမှ လုပ်ငန်းများ ဟောင်ကောင်ဒေသတွင် ရုံးချုပ်များ သို့မဟုတ် လုပ်ငန်းခွဲများ လာရောက်ဖွင့်လှစ်စေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဟောင်ကောင်ဒေသသို့ အရည်အသွေးပြည့်မီသည့် လုပ်ငန်းများလာရောက်ရန် မျှော်လင့်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)