Thailand

လာအိုနှင့် ထိုင်းနိုင်ငံတို့အကြား ယာယီစစ်ဆေးရေးဂိတ်ကို အမြဲတမ်းဂိတ်အဖြစ် ဖွင့်လှစ်သွားရန်ဆောင်ရွက်လျက်ရှိ

Last Updated:

          ထိုင်းနှင့်လာအို နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုကို မြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံ၊ အူဘွန်လတ်ချ ဌာနီ (Ubon Ratchathani) ခရိုင် နတန် (Natan) ရှိ ဘန်ပက်ဆန် (Ban Pak Saeng) နှင့် လာအိုနိုင်ငံ စလဗန် (Salavan) ခရိုင် လခုန်ဖန်း (La Khone Pheng) ရှိ ဘန်ပက်စဖန် (Ban Pak Saphan) တို့ကို ချိတ်ဆက်ထားသော ယာယီစစ်ဆေးရေးဂိတ်ကို အမြဲတမ်းဂိတ်အဖြစ်အဆင့်မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          အဆိုပါ စစ်ဆေးရေးဂိတ်မှ အချို့သော ကုန်စည်များကို ရောင်းချ သယ်ပို့ခွင့် မပြုသေးသဖြင့် အဆင့်မြှင့်ရန် လိုအပ်ပါကြောင်း၊ ဂိတ်ကို အဆင့်မြှင့်တင်ခြင်းဖြင့် နယ်စပ်ကုန်သွယ်ရေးစစ်ဆေးရေး ပွင့်လင်းလာမည်ဖြစ်သဖြင့် နှစ်နိုင်ငံက သဘောတူညီပြီးဖြစ်ပါကြောင်း၊ လာမည့်လအနည်းငယ် အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ မဲခေါင်မြစ်ကို ဖြတ်၍ နတန်ခရိုင်မှ လခုန်ဖန်းခရိုင်သို့ ဖောက်လုပ်ထားသည့် ၆ စင်းမြောက် ထိုင်း-လာအို ချစ်ကြည်ရေးတံတား တည်ဆောက်ပြီးစီးပါက နယ်စပ် ကုန်သွယ်ရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ရင်းမြစ်တစ်ခုက ဖော်ပြထားပါသည်။

          ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီက ထိုင်း-လာအို စစ်ဆေးဂိတ်များမှ နယ်စပ်ကုန်သွယ်မှု တန်ဖိုးသည် ၁ နှစ်လျှင် ဘတ် ၂.၈ ဘီလီယံဖြစ်ပါကြောင်း၊ စလဗန်ပြည်နယ်သည် လာအိုနိုင်ငံ၏ အခြားသော ဒေသများထက် ပီလောပီနံများစွာထွက်ရှိသည့် ဒေသဖြစ်ပါကြောင်း၊ ၆ စင်းမြောက်ချစ်ကြည်ရေး တံတားသည် ကုန်သွယ်ရေးလမ်းကြောင်းကို တိုစေမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ သို့ သွားရာတွင် လာအိုမှ ၁၃၇ ကီလိုမီတာသာ ကွာဝေးတော့ပါကြောင်း၊ တည်ဆောက်ရေး ကုန်ကျစရိတ်ကို နှစ်နိုင်ငံမျှဝေကျခံနိုင်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာနက အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြခွင့်ပြုချက်မရယူမီ နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးနေပြီဖြစ်သဖြင့် တံတားစီမံကိန်း၏ ကနဦးလေ့လာခြင်းနှင့် ဒီဇိုင်းအဆင့် ပြီးမြောက်ပြီဖြစ်ကြောင်း ရင်းမြစ်က ဖော်ပြထားပါသည်။

          ဘတ်ဂျက်လျာထားမှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့်နှစ်တွင် စတင် ဆောက်လုပ်ရန် လျာထားသဖြင့် ၂၀၂၈ ခုနှစ်တွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားပါကြောင်း၊ ဘူအန်ကန် (Bueng Kan) ရှိ ၅ စင်းမြောက် ထိုင်း-လာအို ချစ်ကြည်ရေးတံတားသည် ပြီးစီးလုနီးပါ ဖြစ်ပါကြောင်း၊ အဆိုပါ တံတားကို ယခုနှစ်အတွင်း တရားဝင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ တံတား ဖွင့်လှစ်ပြီးပါက ကုန်စည်များ၊ ပြည်သူများနှင့် ဝန်ဆောင်မှုများ လွယ်ကူချောမွေ့စွာ ဖြတ်သန်းသွား လာနိုင်ပြီး ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏလည်း မြင့်တက်လာနိုင် ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ဖော်ပြထားချက်အရ သိရှိရပါသည်။

          ထိုင်းနိုင်ငံသည် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများအကြား နယ်စပ်ကုန်သွယ်ရေးဂိတ်များကို တိုးမြှင့်ဖွင့်လှစ်ခြင်းဖြင့် ထိုင်းနိုင်ငံ၏ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းလျက်ရှိပါသည်။ ယင်းသို့ နယ်စပ်ဂိတ်များ တိုးမြှင့်ဖွင့်လှစ်ခြင်းဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေးသာမက တတိယနိုင်ငံသို့ တင်ပို့မည့် ကုန်စည်များအတွက်ပါ လွယ်ကူချောမွေ့စေနိုင်ပြီး ကုန်သွယ်မှုပမာဏ တိုးမြင့်လာနိုင်မည် ဖြစ်ကြောင်း သုံးသပ်ရပါသည်။

 

 

 Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand