Thailand

ထိုင်းနိုင်ငံ၊ နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာနက နယ်စပ်ဂိတ်များမှ တင်သွင်းလာသည့် ပီလောပီနံ အပြားများအား စစ်ဆေးခြင်းကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်သွားမည်

Last Updated:

          ထိုင်းနိုင်ငံနယ်စပ်တစ်လျှောက်မှ တင်သွင်းသူများက အရည်အသွေးနိမ့်သော ပီလောပီနံ အပြားများ တင်သွင်းလာသည်ကို စိစစ်တွေ့ရှိရသဖြင့် စစ်ဆေးဆောင်ရွက်ခြင်းကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာနက ပြောကြားချက်အရ သိရှိရပါသည်။

          ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ ယခုအချိန်အထိသည် ပီလောပီနံအရောင်းရဆုံးကာလဖြစ်သဖြင့် အရည်အသွေးနိမ့် ပီလောပီနံအပြားများ မှောင်ခိုတင်သွင်းလာသည်ဟု သတင်းအချက်အလက်များရရှိသည့် နယ်စပ်တစ်လျှောက် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုကို အကြိမ်ရေတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ပြဿနာကို ဖြေရှင်းမှုမရှိပါက ပြည်တွင်းပီလောပီနံဈေးနှုန်းများကို ထိခိုက်လာနိုင်ကြောင်း၊ ဇန်နဝါရီလလယ်မှစ၍ လုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိပြီး အူဘွန်လစ်ချ ဌာနီပြည်နယ် ချုုံမဲ့က် စစ်ဆေးရေးဂိတ်မှ အရည်အသွေးနိမ့်ပစ္စည်းများ တင်သွင်းလာသည်ကို တွေ့ရှိရပါကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Rannarong Phoolpipat က ပြောကြားခဲ့သည်။

          ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အရည်အသွေးနိမ့် ပီလောပီနံအပြားများ တင်သွင်းလာခဲ့သည့် သွင်းကုန်လုပ်ငန်းရှင် ၁၅ ဦး၏ သွင်းကုန်လုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့ပါကြောင်း၊ ပီလောပီနံသည် အရေးပါသော စိုက်ပျိုးရေးထုတ်ကုန်ဖြစ်ပြီး အိမ်ထောင်စု ၅၀၀,၀၀၀ အတွက် အသက်မွေးဝမ်းကျောင်း ဖြစ်ပါကြောင်း၊ နိုင်ငံအတွင်းသို့ အရည်အသွေးနိမ့် ပီလောပီနံများဝင်ရောက်ခွင့်ပြုခဲ့ပါက ပြည်တွင်းဈေးနှုန်း၊ တောင်သူများကိုသာမက ပို့ကုန်အခွင့်အလမ်းများကိုပါ ထိခိုက်နိုင်ကြောင်း၊ ဦးစီးဌာနအနေဖြင့် စံနှုန်းကို အလေးထားပါကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များကို မှောင်ခိုဆောင်ရွက်ခြင်း သို့မဟုတ် တရားမဝင်သယ်ယူပို့ဆောင်ခြင်း သို့မဟုတ် ဥပဒေ လိုအပ်ချက်အရ ဈေးနှုန်း မဖော်ပြနိုင်ပါက ပြစ်ဒဏ် အဖြစ် ထောင်ဒဏ် ၅ နှစ်ထိကျခံနိုင်ဖွယ်ရှိပြီး ဘတ် ၁၀၀,၀၀၀ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း၊ ဝယ်ယူသူက ဈေးကွက်ဈေးနှုန်းကို ဖြတ်ချခြင်းပြုပါက ထောင်ဒဏ် ၇ နှစ် နှင့် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းက  ဖြည့်စွက်ပြောကြားခဲ့သည်။

          ၂၀၂၃ ခုနှစ်အတွင်း ပီလောပီနံ တန်ချိန် ၈.၆၅ သန်းတင်ပို့နိုင်ခဲ့ပြီး ဘတ် ၁၂၇ ဘီလီယံ ရရှိခဲ့ပါ ကြောင်း၊ ထုတ်လုပ်မှုပမာဏ ကျဆင်းခဲ့ရခြင်းမှာ ပီလောပီနံပိုးမွှားသက်ရောက်ခဲ့ပြီး မိုးခေါင်ခဲ့မှုကြောင့်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီတွင် တန်ချိန် ၂၇.၉ သန်းထုတ်လုပ်ရန် လျာထားပြီး ၇.၆ သန်း တန်ချိန် တင်ပို့ရန် ခန့်မှန်းထားကြောင်း သိရှိရပါသည်။

          ထိုင်းနိုင်ငံ၏ ပို့ကုန်များတွင် စိုက်ပျိုးရေးထုတ်ကုန်များပါဝင်မှုသည်လည်း တစ်စိတ်တစ်ပိုင်းဖြစ်ရာ အစိုးရအနေဖြင့် စိုက်ပျိုးရေးထုတ်ကုန်များ၏ အရည်အသွေးကို အလေးထားကြောင်း တွေ့ရှိရပါသည်။ အိမ်နီးချင်းနိုင်ငံများနှင့် နီးကပ်နေသော နယ်စပ်ဂိတ်များမှ အရည်အသွေးနိမ့်ပါးသော ကုန် ပစ္စည်းများ တင်သွင်းဝင်ရောက်လာခြင်းကြောင့် ပြည်တွင်းဈေးကွက်ထိခိုက်မည်ကို မလိုလားပါ။ ထို့ကြောင့် ဈေးကွက်ဈေးနှုန်းနှင့် ကုန်ပစ္စည်းများ၏ အရည်အသွေးကို ထိန်းထားရန်နှင့် တောင်သူများ၏ ဝင်ငွေကျဆင်းမှုကို မထိခိုက်စေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်ရပါသည်။

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)  

Category: Thailand