China (HongKong)

စီးပွားရေးလုပ်ငန်းကြီး ၂၀ ဟောင်ကောင်ဒေသသို့ လာရောက်မည်ဖြစ်သည်ဟု ဘဏ္ဍာရေး ဝန်ကြီး ပြောကြား

Last Updated:

ယခုသီတင်းပတ်အတွင်း လုပ်ငန်းကြီး ၂၀ ဟောင်ကောင်ဒေသ၌ လုပ်ငန်းချဲ့ထွင်ခြင်း (သို့မဟုတ်) ကုမ္ပဏီ လာရောက်ဖွင့်လှစ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်ဟု ဟောင်ကောင်ဒေသ ဘဏ္ဍာရေးဝန်ကြီး  Paul Chan Mo-po ၎င်း၏ဘလော့တွင် ရေးသားထားခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် South China Morning Post သတင်းဌာနမှ “20 major companies to open or expand in Hong Kong this week, finance chief Paul Chan says” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ကမ္ဘာတစ်လွှားမှ လုပ်ငန်းကြီး ၃၀ ဟောင်ကောင်ဒေသသို့ စီးပွားရေးလာရောက်တိုးချဲ့ခြင်းနှင့် ယခုလုပ်ငန်း ၂၀ တို့ လာရောက်ခြင်းကြောင့် ဒေသ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ဟောင်ကောင်ဒေါ်လာ ၄၀ ဘီလီယံ ဝင်ရောက်လာမည်ဖြစ်ပြီး အလုပ် အကိုင်အခွင့်အလမ်း ၁၃,၀၀၀ ‌ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အများစုမှာ သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ရာထူးများဖြစ် ကြောင်း ရေးသားဖော်ပြထားပါသည်။

နိုင်ငံစုံထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် စီမံခန့်ခွဲမှုနှင့် ကုန်သွယ်မှုဆိုင်ရာ ငွေကြေးထောက်ပံ့ပေးမှု အချက်အချာအဖြစ် ရပ်တည်နေသည့် ဟောင်ကောင်ဒေသအား နိုင်ငံတကာ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာဗဟိုဌာန တစ်ခုအဖြစ် ဆက်လက်ဖော်ဆောင်သွားမည်ဟု ဘဏ္ဍာရေးဝန်ကြီးက ကတိပြုပြောကြားပြီး ယခုကဲ့သို့ စီးပွားရေးလုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံမည့် သတင်းထွက်ပေါ်လာခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

တစ်ချိန်တည်းမှာပင် ဥရောပနှင့် အမေရိကန်တို့၏ သမားရိုးကျ ဈေးကွက်များမှာလည်း ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှုအတွက် အရေးပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း အဆိုပါဒေသများနှင့် ကုန်သွယ်မှု ကျဆင်းခဲ့ပြီး၊ ဟောင်ကောင်ဒေသ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သည့် အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုမြင့်တက်ခဲ့ကြောင်း၊ ထို့ပြင် အရှေ့အလယ်ပိုင်းနှင့် ကုန်သွယ်မှုလည်း မြင့်တက်ခဲ့သည်ဟု Chan ကပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ပထဝီနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု၊ ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှု ပြုပြင်ပြောင်းလဲခြင်း၊ ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် ပြန်လည်တည် ဆောက်ခြင်းနှင့် ဟောင်ကောင်ဒေသ အနီးတွင် အဆင့်မြင့် ဆိပ်ကမ်းများ ပေါ်ပေါက်လာခြင်းကြောင့် ထုတ်လုပ်မှုနှင့် ပို့ကုန်တင်ပို့မှုပုံစံ ပြောင်းလဲလာခြင်းသည် ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှုအပေါ် သက်ရောက်မှုရှိကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းကြီးများအနေဖြင့် ၎င်းတို့၏ ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက်များကို ပြောင်းလဲမှုများနှင့်အညီ ချိန်ညှိဆောင်ရွက်နိုင်သော်လည်း အလတ်စားလုပ်ငန်းများမှာ မလုပ်ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ၊ social and corporate governance နှင့် အတိုးနှုန်း မြင့်မားခြင်းတို့ကြောင့် ကုန်သွယ်မှုဆိုင်ရာ ငွေကြေးထောက်ပံ့ပေးခြင်း (trade finance) အပေါ် သက်ရောက်မှုများရှိနေကြောင်း၊ ဟောင်ကောင်ဒေသသည် ကုန်သွယ်မှုနှင့် ကျွမ်းကျင်မှုပညာရပ်ဆိုင်ရာ ဝန်ဆောင် မှုများအတွက် အခြေခံကောင်းရှိပြီး ပြောင်းလဲမှုများမှ ဖြစ်ပေါ်လာသည့် အခွင့်အလမ်းများကို ရယူနိုင်သည့် အခြေအနေကောင်းများရှိကြောင်း၊ ထိုသို့ရယူနိုင်ရန်အတွက် ကူးသန်းရောင်းဝယ်ရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ ဝန်ဆောင်မှုများ ပိုမိုထိရောက်မှု ရှိစေရန်အတွက် စီးပွားရေးလုပ်ငန်းများ၏ တန်ဖိုးနှင့် ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက်များ စီမံခန့်ခွဲမှု အားကောင်းလာစေရန် ကူညီဆောင်ရွက်ပေးခြင်းနှင့် နယ်စပ်ဖြတ်ကျော် စီးပွားရေးလုပ်ဆောင်ချက်များအတွက် ပိုမိုကောင်းမွန်သည့် အခြေအနေ ဖန်တီးပေးခြင်းသည် အဓိကအချက်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် စီမံခန့်ခွဲမှု၊ ကုန်သွယ်မှုဆိုင်ရာ ငွေကြေးထောက်ပံ့ပေးခြင်း၊ အကြံပေးလုပ်ငန်း၊ အရည်အချင်းရှိသူများ ပြုစုပျိုး ထောင်ရေး၊ လုပ်ငန်းခွင်သင်တန်းများ အပါ အဝင် ဝန်ဆောင်မှုများ တစ်နေရာတွင် ပေးနိုင်သော ဒေသအဖြစ် ဖော်ဆောင်ရေးမှာ ဟောင်ကောင်ဒေသ၏ ရည်မှန်းချက်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ထို့ပြင် ဟောင်ကောင်ဒေသအနေဖြင့် မဟာပင်လယ်ကွေ့ဒေသနှင့် ယန်စီမြစ်ဝကျွန်းပေါ်ရှိ အလတ်စား ကုန်ထုတ်လုပ်သူ ငါးသောင်းကျော်နှင့် ချိတ်ဆက်ဆောင်ရွက်လိုကြောင်း၊ အဆိုပါ လုပ်ငန်းများအနက် အများစုမှာ ပြည်ပနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေသောကြောင့်ဖြစ်ကြောင်း၊ ကမ္ဘာ့ထိပ်တန်းဘဏ် ၇၀ ကျော် လာရောက်လုပ်ကိုင်နေသည့် ဟောင်ကောင်ဒေသ၏ အဆင့်မြင့်ဘဏ္ဍာရေး အခြေခံအဆောက်အအုံသည် အဆိုပါ လုပ်ငန်းများအတွက် ငွေကြေးနှင့် စပ်လျဉ်း၍ ရွေးချယ်မှုများ ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသအနေဖြင့် ဗဟိုဘဏ်ထုတ် ဒစ်ဂျစ်တယ် ငွေကြေးများကို အသုံးပြုပြီး နယ်စပ်ဖြတ်ကျော် ငွေပေးချေနိုင်မည့် mBridge ပထမအဆင့်ကို ယခုနှစ်အတွင်း စတင်မည်ဖြစ်ကြောင်း၊ ထိုစနစ်ကြောင့် ငွေပေးချေမှု ပိုမိုမြန်ဆန်လာမည်ဖြစ်ပြီး ကုန်ကျစရိတ်လည်း သက်သာမည်ဖြစ် သည်ဟု Chan ကပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

mBridge သည် ငွေကြေးစုံအသုံးပြုနိုင်သည့် နယ်စပ်ဖြတ်ကျော်ပေးချေမှုနှင့် နိုင်ငံခြားငွေ လွှဲပြောင်းပေးချေမှုအစီအစဉ် (foreign exchange transaction scheme) ဖြစ်ပြီး ဟောင်ကောင်ဒေသ၊ တရုတ်ပြည်မ၊ ထိုင်းနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့မှ ဗဟိုဘဏ်များ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)