China (HongKong)

ဟောင်ကောင်ဒေသ၌ သတင်းအချက်အလက်နှင့်နည်းပညာကဏ္ဍ သိသိသာသာ တိုးတက်

Last Updated:

ယခင်နှစ်အခြေအနေနှင့် နှိုင်းယှဉ်ကြည့်ပါက သိသိသာသာတိုးတက်လာသည့် ဟောင်ကောင်ဒေသ၏ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍအတွက် အစိုးရအနေဖြင့် ထောက်ပံ့မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ဟောင်ကောင်ဒေသဘဏ္ဍာဝန်ကြီး Paul Chan က ပြောကြားခဲ့ကြောင်း rthk သတင်းဌာနမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် “I&T sector making significant progress: FS” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

New territories ရှိ Science Park ၌ ကုမ္ပဏီစုစုပေါင်း ၃၂၀ ရှိလာပြီး ယခင်နှစ်ကထက် ၃၀ ရာခိုင်နှုန်းတိုးလာကြောင်းနှင့် တောင်ပိုင်းခရိုင်ရှိ Cyberport မှ ဒစ်ဂျစ်တယ်နှင့် နည်းပညာ ကုမ္ပဏီပေါင်း ၁၉၀၀ ကျော်၏ စုစုပေါင်း ရင်းနှီးငွေမှာလည်း ဟောင်ကောင် ဒေါ်လာ ၃၅.၇ ဘီလီယံရှိသည်ဟု Chan က ၎င်း၏ blogတွင် ရေးသားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ၏ တိုးတက်မှု အရှိန်အဟုန်မြှင့်တင်နိုင်ရန်အတွက် အစိုးရအနေဖြင့် နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာသုတေသနနှင့် နည်းပညာစွမ်းဆောင်ရည်ရှိသော လုပ်ငန်းများကို ဟောင်ကောင်ဒေသသို့ လာရောက်လုပ်ကိုင်ရန် ဆွဲဆောင်လျက်ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

အစိုးရ၏ မူဝါဒများနှင့် ဘဏ္ဍာရေးအရ အထောက်အပံ့ပေးမှု၊ မြေယာခွဲဝေချထားမှုနှင့် ဈေးနှုန်းအစီအမံများ၊ အကောက်ခွန်နှင့် ဒေသခံကျွမ်းကျင်သူ စသည့်အချက်များအပါအဝင် စီးပွားရေးလုပ်ငန်းများအနေဖြင့် ဟောင်ကောင်ဒေသတွင် လုပ်ငန်းတည်ထောင်ဆောင်ရွက်ရေး ဆုံးဖြတ်ရာတွင် ထည့်သွင်းစဉ်းစားသည့် အချက်များကိုလည်း ၎င်း၏ blog တွင် ရေးသားထားပြီး၊ မိမိတို့အနေဖြင့် အဆိုပါလုပ်ငန်းများ လာရောက်လုပ်ကိုင်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို စဉ်းစားသွားမည်ဖြစ်သကဲ့သို့ ၎င်းတို့နှင့်ဆွေးနွေးရာတွင် အသင့်တော်ဆုံးဖြစ်မည့် အခြေအနေနှင့် အစီအစဉ်များအပေါ် ဆွေးနွေးရမည်ဖြစ်သည်ဟု blog တွင် ရေးသားထားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

လွန်ခဲ့သော ၆ လခန့်အတွင်း မဟာဗျူဟာမြောက်လုပ်ငန်းများ ဆွဲဆောင်စည်းရုံးရေးရုံးမှ လုပ်ငန်းပေါင်း ၁၅၀ ကျော်နှင့်တွေ့ဆုံခဲ့ပြီး ၎င်းတို့အနက် အချို့လုပ်ငန်းများမှာ တိုးတက်မှုစီမံချက်များကို တင်ပြပြီးဖြစ်ကြောင်း၊ အဆင့်မြင့်နည်းပညာပိုင်းတွင် ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေရန် နိုင်ငံမှချမှတ်ထားသည့် "14th Five-Year Plan" အရ ဟောင်ကောင်ဒေသအား နိုင်ငံတကာသတင်းအချက်အလက်နှင့် နည်းပညာဗဟိုဌာနအဖြစ် တည်ထောင်သွားရမည်ဖြစ်သည်ဟု Chan က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)