China (HongKong)

အရေးပါသည့် ထိပ်သီးအစည်းအဝေးများ နိုဝင်ဘာလအတွင်း ဟောင်ကောင်ဒေသ၌ လက်ခံ ကျင်းပသွားမည်

Last Updated:

ကမ္ဘာလုံးဆိုင်ရာ ဘဏ်လုပ်ငန်းနှင့်ဘဏ္ဍာရေးအမှုဆောင်များနှင့် ဗဟိုဘဏ် အကြီးအကဲများ ၃၀၀ ဦး ခန့်သည် ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့အစည်း (HKMA) မှ တာဝန်ယူကျင်းပမည့် ညီလာခံနှစ်ခုသို့တက်ရောက်ရန် ဟောင်ကောင်ဒေသသို့ လာရောက်ကြမည်ဟု ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ထုတ် South China Moring Post သတင်းစာတွင် “City to host key summits in November” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ ဗဟိုဘဏ်ဖြစ်သည့် (HKMA) မှ နိုဝင်ဘာလ ၆ ရက်မှ ၈ ရက်အထိ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကြီးအကဲများ၏ ဒုတိယအကြိမ် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (The Global Financial Leaders’ Investment Summit) နှင့် နိုဝင်ဘာလ ၂၇ ရက်တွင် နိုင်ငံတကာငွေပေးချေမှုဘဏ် (BIS) အကြီးအကဲများ အစည်းအဝေးကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့အစည်း (HKMA)၏ နှစ် ၃၀ ပြည့် နှစ်ပတ်လည်အချိန်နှင့် တိုက်ဆိုင်စွာကျင်းပသည့် အထက်ဖော်ပြပါ အစည်းအဝေးများမှာ ကပ်ရောဂါကြောင့် ၃ နှစ်ကြာ အခက်အခဲဖြစ်ခဲ့သည့် ဟောင်ကောင်ဒေသအနေဖြင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိကြောင်း ဖော်ပြလိုသည့် ဆောင်ရွက်ချက်၏ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်ပါသည်။

ယမန်နှစ်ကပြုလုပ်ခဲ့သည့် ပထမအကြိမ်ထိပ်သီးညီလာခံတွင် ကမ္ဘာတစ်လွှားမှ ထိပ်တန်းဘဏ္ဍာရေးလုပ်ငန်းရှင် ၂၀၀ ကျော်တက်ရောက်ခဲ့ပြီး၊ လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် ဒုတိယအကြိမ် ထိပ်သီးညီလာခံတွင် ယခင်နှစ်ကဲ့သို့ ထိပ်တန်းဘဏ္ဍာရေးလုပ်ငန်းရှင် ၂၈၀ ခန့် ဖိတ်ကြားရန် ရည်ရွယ်ထားကြောင်းနှင့် နိုင်ငံတကာငွေပေးချေမှု ဘဏ် (BIS) အကြီးအကဲများ အစည်းအဝေးအပြီးတွင် ဟောင်ကောင်ငွေကြေးအာဏာပိုင် အဖွဲ့အစည်းနှင့် နိုင်ငံတကာ ငွေပေးချေမှုဘဏ်တို့အကြား အဆင့်မြင့်ညီလာခံတစ်ရပ်ကို ကျင်းပသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)