Vietnam

ဗီယက်နမ်နိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း စောင့်ကြည့်ရမည့် အဓိကကဏ္ဍ(၄)ရပ်

Last Updated:

၂၀၂၂ ခုနှစ် တစ်လျှောက်လုံးတွင် ဗီယက်နမ်၏ စီးပွားရေးအခြေအနေသည် မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ ဟန်ချက်ညီမှုမရှိသည့် ကိုဗစ်မှ ပြန်လည်နာလံထူလာမှုနှင့် ယူကရိန်းစစ်ပွဲတို့ကြောင့် ကောင်းစွာရေးဆွဲချမှတ်ထားသည့် အစီအစဉ်များစွာကို ကပြောင်းကပြန်ဖြစ်စေခဲ့ပါသည်။ ယင်းအခြေအနေများကို ထည့်သွင်းစဉ်းစားလျက် ၂၀၂၃ ခုနှစ်တွင် အဓိကကဏ္ဍ(၄)ခုအား  စောင့်ကြည့် ရမည်ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံ ကိုဗစ် ၁၉ ကပ်ရောဂါမှ ပြန်လည်နာလံထူလာမှုနှင့်ပတ်သက်၍ တိုးတက်မှုနှုန်း မတူညီကြဘဲ အချို့ကဏ္ဍများတွင် အရှိန်အဟုန်ဖြင့် ပြန်လည်တိုးတက်လာသကဲ့သို့ အချို့ကဏ္ဍများတွင် နောက်ကျ ကျန်ခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုများက ဗီယက်နမ်နိုင်ငံ၏ အဓိကပို့ကုန် စျေးကွက်များကို ထိုးစိုက်ကျဆင်းစေခဲ့ပါသည်။

မည့်သို့ပင်ဆိုစေကာမူ နိုင်ငံ၏ စီးပွားရေးသည် GDP တိုးတက်မှုနှင့်အတူ အရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက်ခဲ့ပြီး ADB ၏ မကြာသေးမီက ခန့်မှန်းချက်အရ ၂၀၂၂ ခုနှစ်တွင် ၇.၅ ထိ အမြင့်ဆုံး သို့ ရောက်ရှိမည်ဟု မျှော်မှန်းရပါသည်။

 ဤအခြေအနေအရ ၂၀၂၃ ခုနှစ်တွင် စောင့်ကြည့်ရန် အဓိကကဏ္ဍ(၄)ခုရှိပါသည်။

စွမ်းအင်

ဗီယက်နမ်နိုင်ငံသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် Just Energy Transition Partnership (JETP) တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် အဆိုပါသဘောတူညီချက်ကို မည်သို့ အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုသည်နှင့် ၎င်းနှင့်အတူ တစ်ပါတည်းဖြစ်ပေါ်လာမည့် မူဝါဒ အပြောင်းအလဲများမှာ ပိုမို ရှင်းလင်းပေါ်လွင်လာနိုင်ပါသည်။

ထိုကဲ့သို့ ရှင်းလင်းလာမှုက ကဏ္ဍအများအပြားအပေါ်၌လည်းကောင်း၊ ဗီယက်နမ်နိုင်ငံ၏ စွမ်းအင်ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုအပေါ်၌လည်းကောင်း ပိုမိုကျယ်ပြန့်စွာ အကျိုးသက်ရောက်မှုရှိ မည်ဖြစ်ပါသည်။

ဥပမာအားဖြင့် ဗီယက်နမ်နိုင်ငံ၏ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အမှတ်(၈)သည် မူကြမ်း အဆင့်၌သာ ရှိနေသေးပါသည်။ ၎င်းအား အကြိမ်ပေါင်းများစွာ ပြင်ဆင်တည်းဖြတ်ပြီးဖြစ်သော် လည်း JETP သဘောတူညီချက်အရ ဗီယက်နမ်နိုင်ငံ၏ ကတိကဝတ်များနှင့် ကိုက်ညီမှုရှိစေရန် ထပ်မံ ပြင်ဆင်နိုင်ဖွယ်ရှိပါသည်။

သဘောတူညီချက်အရ နောက်တစ်ဆင့်မှာ နိုဝင်ဘာလတွင် အကောင်အထည်ဖော်ရမည့် လမ်းပြမြေပုံဖြစ်ပြီး ၎င်းတွင် ဗီယက်နမ်နိုင်ငံ၏ ဖန်လုံအိမ်ဓာတ်ငွေ့များထုတ်လွှတ်မှုကို မည်သို့လျှော့ ချမည်၊  ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြုပ်နှံမှုကို မည်သည့်နေရာတွင် ဦးတည်ဆောင်ရွက် မည်ဆိုသည့် အသေးစိတ်အချက်လည်းပါဝင်ပါသည်။

ဗီယက်နမ်နိုင်ငံ၏ ၁၅.၅ ဘီလီယံတန်ဖိုးရှိ JETP သဘောတူညီချက်ကို ပိုင်းခြားသုံးသပ်ခြင်း ဆောင်းပါး တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ခရီးသွားလုပ်ငန်း

၂၀၂၂ ခုနှစ်သည် ခရီးသွားကဏ္ဍအတွက် အခက်အခဲဖြစ်စေသော နှစ်တစ်နှစ်ဖြစ်ခဲ့ပါသည်။ နယ်စပ်ကန့်သတ်ချက်များ ပြန်လည်ရုပ်သိမ်းပြီးပါက ဤကဏ္ဍပြန်လည်ဦးမော့လာမည်ဟု မျှော်လင့် ကြောင်းနှင့် ဗီယက်နမ်သည် ယခုနှစ်အကုန်တွင် ခရီးသွား ၅ သန်းခန့် လက်ခံနိုင်မည်ဟု ခန့်မှန်းကြောင်း အားကစားနှင့်ခရီးသွားလာရေး ဒုတိယဝန်ကြီး  ဒုန်ဗန်ဗီဘက်က ပြောကြားသည်။

သို့သော်လည်း အဆိုပါအရေအတွက်သည် ၂၀၁၉ ခုနှစ်က ဗီယက်နမ်မှ လက်ခံခဲ့သည့် နိုင်ငံ တကာခရီးသွား ၁၉ သန်း၏ ၁၈ ရာခိုင်နှုန်းခန့်ဖြစ်သည့် ကမ္ဘာ့လှည့်ခရီးသည် ၃.၅ သန်းနှင့် ပိုမိုနီးစပ်မှု ရှိပါသည်။

နှိုင်းယှဉ်ကြည့်ပါက ထိုင်းနိုင်ငံသည် ခရီးသွား ၁၀သန်းခန့် လက်ခံရရှိခဲ့ပြီး ယင်းမှာ ကိုဗစ်မတိုင်မီ ပမာဏများ၏ ၂၅ ရာခိုင်နှုန်းခန့်သာရှိသည်။ ထိုင်းနိုင်ငံသည် ၂၀၁၉ ခုနှစ်က နိုင်ငံတကာခရီးသွား ၄၁ သန်း လက်ခံရရှိခဲ့သည်။

ဗီဇာလိုအပ်ချက်များမှအစပြု၍ ရေရှည်တည်တံ့အောင် ဆောင်ရွက်နိုင်ရေးဆိုင်ရာ စိန်ခေါ်မှု များအထိ ပါဝင်သည့် အကြောင်းခြင်းရာပေါင်းစုံတို့ကြောင့် ယင်းသို့ ခရီးသွားဦးရေ ကျဆင်းလျက်ရှိ နေသည့် ဗီယက်နမ်၏ ခရီးသွားကဏ္ဍသည် အပူတပြင်း ကိုင်တွယ်ဖြေရှင်းရန် ကိစ္စတစ်ရပ်ဖြစ်လာပါသည်။ အဆိုပါကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းမည့် ပုံစံက ဗီယက်နမ်နိုင်ငံ၏ ခရီးသွားကဏ္ဍ အပြည့်အဝ ပြန်လည်နာလံထူလာစေရေးအပေါ် ဆိုးရွားသည့် သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါ သည်။

သတင်းအချက်အလက်နည်းပညာ

ဗီယက်နမ်နိုင်ငံ၏ စွန့်ဦးတီထွင်သည့်ကဏ္ဍတစ်ခုဖြစ်သည့် သတင်းအချက်အလက်နည်းပညာ ကဏ္ဍသည် ကပ်ရောဂါကာလအတွင်း အရှေ့တောင်အာရှတွင် ဖွံ့ဖြိုးအတိုးတက်ဆုံးလုပ်ငန်းကဏ္ဍ ဖြစ်လာပါသည်။ အမျိုးသားဆန်းသစ်တီထွင်မှုဗဟိုဌာန (NIC)နှင့် Do Ventures တို့၏ ပူးတွဲအစီရင်ခံ ချက်အရ ၂၀၂၁ ခုနှစ်အတွင်း ဗီယက်နမ်၏ စွန့်ဦးတီထွင်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုအမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံရှိခဲ့ပါသည်။ ၎င်းသည် ၂၀၁၉ ခုနှစ်၏ ယခင်စံချိန်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၈၇၄ သန်းထက် သိသိသာသာ တိုးတက်လာခဲ့ခြင်း ဖြစ်ပါသည်။

ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုတိုးတက်မှုများနှင့်အတူ ဗီယက်နမ်နိုင်ငံတွင် နည်းပညာကျွမ်းကျင် လုပ်သားလိုအပ်ချက်များ မြင့်တက်လာပါသည်။

Adecco ၏ ၂၀၂၂ ခုနှစ် တတိယသုံးလအတွက် ဗီယက်နမ်၏ အလုပ်သမားဈေးကွက် နောက်ဆုံးအခြေအနေအစီရင်ခံစာအရ ၂၀၂၂ ခုနှစ်အတွင်း သတင်းအချက်အလက်နည်းပညာကဏ္ဍရှိ စီးပွားရေးလုပ်ငန်းများတွင် ဝန်ထမ်း ၅၃၀,၀၀၀ လိုအပ်မည်ဖြစ်ပြီး အမှန်တကယ်ဖြည့်ဆည်းနိုင်မှုက လိုအပ်ချက်ထက် ၁၅၀,၀၀၀ လျော့နည်းနေဦးမည်ဖြစ်ပါသည်။ အမှန်တကယ် လိုအပ်ချက်နှင့်ရရှိနိုင်မှု အကြား ကွာဟချက်သည် ၂၀၂၄ ခုနှစ်တွင် ၁၉၅,၀၀၀ သို့ တိုးလာနိုင်ပါသည်။ဗီယက်နမ်အစိုးရအနေဖြင့် အနာဂတ်တွင် ဗီယက်နမ်၏ စီးပွားရေးကဏ္ဍကို ဒစ်ဂျစ်တယ် စနစ်သို့ ကူးပြောင်းရန် စိတ်ပိုင်းဖြတ်ထားပြီး စက်မှုကဏ္ဍအစီအစဉ် ၄.၀ ကို အင်တိုက်အားတိုက် အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ ထုတ်လုပ်မှုကဏ္ဍမှ မှာကြားမှုများ ကျဆင်းလာနေသည့် အနေအထားတွင် ဤအသွင်ကူးပြောင်းမှုကို အရှိန်အဟုန်မြှင့်တင်ရန် တွန်းအားများရှိနေပြီး ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ လူစွမ်းအားရင်းမြစ်များတွင် ပိုမိုသဟ ဇာတဖြစ်သည့် မူဝါဒနှင့် မဟာဗျူဟာကျကျ ရင်းနှီးမြှုပ်နှံမှုတို့ဆီသို့ ဦးတည်သွားစေနိုင်ပါသည်။

ထုတ်လုပ်မှု

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း S&P၏ ဝယ်ယူရေးမန်နေဂျာများ အညွှန်းကိန်းသည် ယခင်လ တွင် ၅၀.၆ ရှိခဲ့ရာမှ ယခုအခါ ၄၇.၄ သို့ ကျဆင်းသွားခြင်းသည် ဗီယက်နမ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် သိသိသာသာ ယုတ်လျော့ကျဆင်းသွားမှုကို ဖော်ပြနေပါသည်။

ကုန်ဝယ်အမှာစာလျော့ကျမှုများနှင့်အတူ စက်ရုံအများအပြားတွင် အလုပ်သမားများကို အလုပ်မှ ထုတ်ပယ်ပစ်ခြင်း သို့မဟုတ် ၎င်းတို့၏ လုပ်ငန်းတာဝန်များအား သိသိသာသာလျော့ချခြင်းတို့ကို ဆောင်ရွက်ခဲ့ကြရသည်။ အဆိုပါ အလုပ်သမားအများစုသည် ပြီးခဲ့သည့်နှစ်ကလည်း ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ကြရသည်။ ဤသို့ ဒုတိယအကြိမ် ကျဆင်းမှုသည် ၎င်းတို့အတွက် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တစ်ခုဖြစ်နိုင်ပြီး အခြားလုပ်ငန်းကဏ္ဍများသို့ ပြောင်းရွှေ့ရန် အလုပ်စတင်ရှာဖွေကောင်း ရှာဖွေကြတော့မည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဈေးကွက်အတွင်း ပိုလျှံလုပ်သားများ ရှိနေ နိုင်ပြီး ၎င်းတို့သည် အောင်မြင်မှုရရှိနေသော ကုန်ထုတ်လုပ်ငန်းများအနေဖြင့် ၎င်းတို့၏လုပ်ငန်း လည်ပတ်မှုကို ပိုမိုလွယ်ကူစွာ တိုးချဲ့မြှင့်တင်နိုင်ရန် ရှားပါးသော အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍသည် ဗီယက်နမ်နိုင်ငံ စီးပွားရေး၏ ကျောရိုးသဖွယ်ဖြစ်သည့်အတွက် ယင်းကဏ္ဍတွင် မည်သို့ဖြစ်ပေါ်တိုးတက်လာမည်ကိုကြည့်ခြင်းဖြင့် ၂၀၂၃ ခုနှစ်အတွင်း စီးပွားရေးကဏ္ဍ အပေါ် ကြိုတင်ခန့်မှန်းမှုကို ပိုမိုကျယ်ပြန့်စွာ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

ခြုံငုံသုံးသပ်ရပါက ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးသည် ကမ္ဘာ့စီးပွားရေးနှင့်အတူ ယှဉ်တွဲလျက် အဆက်မပြတ် ပြောင်းလဲလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်အတွင်း ယခုအကျဉ်းချုပ် ရေးသားတင်ပြ ထားသော အချက်များအပြင် အခြားနည်းလမ်းများဖြင့်လည်း တဖြည်းဖြည်းချင်း တိုးတက်ပြောင်းလဲ လာနိုင်ပါသည်။ သို့ရာတွင် ဤကဏ္ဍ (၄) ရပ်သည် ၂၀၂၃ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ၏ စီးပွားရေး  အောင်မြင်မှုအတွက် အဓိကသော့ချက်များသဖွယ် ဖြစ်လာနိုင်ပြီး ယင်းတို့ ဖြစ်ထွန်းပေါ်ပေါက်လာမည့် ပုံစံက ဗီယက်နမ်နိုင်ငံ၏ စီးပွားရေး ရှေ့သို့ဆက်လက်တိုးတက်ရန် အရေးပါသည့် အဆုံးအဖြတ် တစ်ရပ် ဖြစ်လာမည်ဖြစ်ပါသည်။

Source :Vietnam Briefing  

(စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: Vietnam