Phillippines

ဖိလစ်ပိုင်နိုင်ငံအား ရာနှုန်းပြည့် ဆန်ရိက္ခာဖူလုံမှုရှိစေရန် သမ္မတမားကို့စ် ပြောကြား

Last Updated:

အစိုးရအနေဖြင့်ရာနှုန်းပြည့်ဆန်ရိက္ခာဖူလုံမှုရှိစေရန်စိုက်ပျိုးရေးဦးစီးဌာနမှ ပဏာမဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတမားကို့စ်မှ အပတ်စဉ်သတင်းထုတ်ပြန်ရာတွင် ပြောကြားသွားခဲ့ပြီး ဖိလစ်ပိုင်ပြည်သူများအား ငတ်မွတ် ခေါင်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျစေရန် အမျိုးမျိုးသော အစီအစဉ်၊ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစိုးရ၏ သတ်မှတ်ထားသည့် ဆန်ရိက္ခာဖူလုံမှုထက်ကျော်လွန်စေရန်အတွက် ခေတ်မှီသည့်လယ်ယာစနစ် ဖြစ်စေရန်ကူညီ ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

ပြည်တွင်းဆန်ရိက္ခာဖူလုံမှုရှိခြင်းသည် ပြည်သူများအား ငတ်မွတ်ခေါင်းပါးမှုမှ လွတ်ကင်းစေနိုင် မည်ဖြစ်သဖြင့် ကျွနိုပ်တို့အနေဖြင့် ယခုကဲ့သို့သော စီမံကိန်းများအား စိုက်ပျိုးရေး လုပ်ကိုင်သည့်ဒေသများတွင် အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း သမ္မတမှ ၎င်း၏ Facebook Official Accountတွင်ဗီဒီယိုဖိုင်တင်၍ ရှင်းလင်းပြောကြားခဲ့ပြီး စီမံကိန်းများအောင်မြင်ပါက တိုင်းပြည်တစ်ခုလုံးရာနှုန်းပြည့်ထက်ကျော်လွန်ပြီး ဆန်ရိက္ခာဖူလုံမှုရရှိစေမည်ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် သမ္မတမှ ဦးဆောင်သည့် စိုက်ပျိုးရေးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် Masagana Rice Development Program (MRIDP)အား ၂၀၂၃ခုနှစ်၊ မေလ ၃၁ ရက်နေ့ကအတည်ပြုခဲ့ပါသည်။ MRIDPမှဆန်စပါးကဏ္ဍလုပ်ငန်းစဉ်တစ်လျှောက် ခိုင်မာအားကောင်းစေရန်နှင့် စပါးအထွက်နှုန်းတိုးတက်စေရန် စပါးတောင်သူများအားကူညီထောက်ပံ့ပေးသွားမည့်အစီအစဉ်များအားရေးဆွဲထားကြောင်း ဖော်ပြပါရှိပါသည်။

စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေသည့်ဒေသများသို့ စိုက်ပျိုးရေးဝန်ကြီးဌာနမှ ငွေကြေးနှင့် စားဝတ်နေရေးအတွက်ထောက်ပံ့ပေးခြင်း၊ အလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားများ၏ စားဝတ်နေရေးအတွက် ကူညီပေးခြင်းနှင့် လက်တွေ့လုပ်ငန်းခွင်သင်တန်းများပေးခြင်းတို့အား လည်းကောင်း၊ ကုန်သွယ်မှုနှင့်စက်မှုဝန်ကြီးဌာနမှ “Pangkabuhayan sa Pagbabgon at Ginhawa Program” နှင့် ကုန်သွယ်မှုနှင့်ပက်သက်သည့် နည်းပညာနှင့်ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ပေးခြင်းတို့ကို ဝန်ကြီးဌာနအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံသားများအားဆင်းရဲနွမ်းပါးမှုမှလွတ်ကင်းစေရန်မှာ အစိုးရ၏ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားနေရသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သဖြင့် အစိုးရအနေဖြင့်ပြည်သူတစ်ရပ်လုံးအား ကူညီပံ့ပိုးပေးမှုများ လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းက ထောင်ပေါင်းများစွာသောဖိလစ်ပိုင်မိသားစုများအား ပိုမို၍အဆင်ပြေပြီးသက်တောင့်သက်သာရှိစေသည့် အမြန်ဆုံးဖြေရှင်းနည်းတစ်ခုဖြစ်ကြောင်း သမ္မတမားကို့စ်မှ ပြောကြား ခဲ့ပါသည်။

ယခုအစီအစဉ်မှာ ဖိလစ်ပိုင်ပြည်သူများအား အစိုးရ၏အကူအညီအထောက်အပံ့များကို မှီခိုနေရသည့် အစီအစဉ်မဟုတ်ပဲ ၎င်းတို့အား အစိုးရမှငွေကြေးထောက်ပံ့ပေးနေခြင်းသာမက စားဝတ်နေရေး ဖူလုံမှုရှိစေရန်အတွက်အခွင့်အလမ်းများပေးနေခြင်းလည်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးအား ပိုမိုကောင်းမွန်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးဆောင်ရွက်သွားမည်ဟု ကတိကဝတ်ပြုပါကြောင်း သမ္မတမှ ပြောကြားခဲ့ပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်နိုင်ခြင်းကလည်း စီးပွားရေးပြုပြင်ပြောင်းလဲမှုအား ဆောင်ရွက်ရာတွင်အဓိကအခန်းကဏ္ဍမှပါဝင်ပါကြောင်း၊ ဖိလစ်ပိုင်ပြည်သူများအတွက်ယခုထက် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများဖန်တီးပေးရာတွင် ငွေကြေးထောက်ပံ့ပေးခြင်းသာမက စားဝတ်နေရေးအတွက် ထောက်ပံ့ပေးမှုများကိုလည်း ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သမ္မတမားကို့စ်မှ ထပ်လောင်းပြောကြားခဲ့ပါသည်။

 

 

Source; https://www.manilatimes.net/2023/06/19/news/national/ph-to-attain-100-rice-self-sufficiency-marcos/

(စီးပွားရေးသံမှူး၊ မနီလာမြို့)

         

Category: Phillippines