China (HongKong)

ဟောင်ကောင်ဒေသ၌ ကျင်းပခဲ့သည့် ရပ်ဝန်းနှင့်လမ်းကြောင်း အစည်းအဝေးတွင် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် ၂၁ ခု လက်မှတ်ရေးထိုးနိုင်

Last Updated:

ဟောင်ကောင်ဒေသ၌ မကြာသေးမီက အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် ရပ်ဝန်းနှင့်လမ်းကြောင်း အစည်းအဝေးတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၂၁ ခု လက်မှတ် ရေးထိုးနိုင်ခဲ့သည်ဟု ဟောင်ကောင်ဒေသ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဖြစ်သူ Algernon Yau က ပြောကြားခဲ့ကြောင်း rthk သတင်းဌာနမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် “21 agreements signed during BRI summit: minister” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ထိုသို့လက်မှတ်ရေးထိုးနိုင်ခြင်းဖြင့် ဟောင်ကောင်ဒေသသည် တရုတ်ပြည်မနှင့် ရပ်ဝန်းနှင့်လမ်းကြောင်း ဆောင်ရွက်ချက်တွင် ပါဝင်သည့်နိုင်ငံများအကြား ချိတ်ဆက်ပေးသည့် အကောင်းဆုံး အချိတ်အဆက်တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေခြင်းကို ဖော်ပြခြင်းဖြစ်ကြောင်း ရေဒီယိုအစီအစဉ်တစ်ခုတွင် ပြောကြားခဲ့ပြီး၊ အရှေ့အလယ်ပိုင်းဒေသနှင့် အာဆီယံနိုင်ငံများအနက်မှ မလေးရှား၊ အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံတို့မှ အခွင့်အလမ်းများ အပါအဝင် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်များကို အသေးစိတ်ပြောကြားခဲ့ပါသည်။

ဟောင်ကောင်ဒေသမှ ကော်ပိုရေးရှင်းများအနေဖြင့် ဟိုက်ဒရိုဂျင်ယာဉ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ နယ်ပယ်တို့မှ အခွင့်အလမ်းများ အပါ အဝင်နယ်ပယ်နှစ်ခုအတွက် စီမံချက်များကို အကောင်အထည်ဖော်ခဲ့သည်ဟု ၎င်းကပြောကြားခဲ့ပါသည်။ ထို့ပြင်ဟောင်ကောင်ဒေသ၏ ကုန်သွယ်မှုကျဆင်းခြင်းမှာ ကမ္ဘာ့စီးပွားရေးဆိုင်ရာ ကိစ္စရပ်ဖြစ်ပြီး အခြေအနေတိုးတက်လာရန်  လာမည့်နှစ်အထိ စောင့်ရမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ၏ စီးပွားရေးသည် ပို့ကုန်တင်ပို့မှု၊ စားသုံးမှုနှင့် ခရီးသွားလုပ်ငန်းဟူသော နယ်ပယ်သုံးခုပေါ်တွင် မူတည်နေကြောင်း ၎င်းကပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

သို့ဖြစ်၍ ဟောင်ကောင်အစိုးရအနေဖြင့် ဟောင်ကောင် ညပိုင်းစီးပွားရေးလုပ်ငန်းများ ပြန်လည်သက်ဝင်လာစေရန်နှင့် စားသုံးမှုနှင့် ခရီးသွားလုပ်ငန်း တိုးတက်လာရန် 'Night Vibes Hong Kong' ဆောင်ရွက်ချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ဟောင်ကောင်ဒေသသို့ ကုမ္ပဏီ ၂၇၀ ခန့်ဝင်ရောက်လာခဲ့ခြင်းကြောင့် ကမ္ဘာတစ်လွှားမှ စီးပွားရေးလုပ်ငန်းများအနေဖြင့် ဒေသ၏ စီးပွားရေးအခွင့်အလမ်းများကို ရယူဆောင်ရွက်ကြမည် ဖြစ်သည်ဟု ယုံကြည်ကြောင်းနှင့် ထိုပမာဏသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသသည် စီးပွားရေးပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာခြင်းနှင့်အတူ ကုန်သွယ်မှုကျဆင်းနေခြင်းကို ကုစားနိုင်ရန် ဈေးကွက်သစ်များ ရှာဖွေထိုးဖောက်နိုင်ရေး လုပ်ဆောင်လျက်ရှိရာ စက်တင်ဘာလ ၁၃ နှင့် ၁၄ ရက်နေ့တို့တွင် ပြုလုပ်ခဲ့သည့် ရပ်ဝန်းနှင့်လမ်းကြောင်း အစည်းအဝေးသည် ဟောင်ကောင်ဒေသအတွက် ဈေးကွက်ထိုးဖောက်မှု  (အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသနှင့် အာဆီယံဒေသ) နှင့် ပူးပေါင်းဆောင်ရွက်မှု အများအပြား တိုးချဲ့နိုင်ခဲ့သည့်အပြင် ဟောင်ကောင်ဒေသအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် ပြန်လည် ထိုးဖောက်ပါဝင်လာမှုအတွက် အထောက်အထားတစ်ခုအဖြစ် လေ့လာတင်ပြအပ်ပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)