China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် မေခရိုမူဝါဒချမှတ်ဆောင်ရွက်မှုများနှင့်အတူ နိုဝင်ဘာလအတွင်း စီးပွားရေးပြန်လည်ကောင်းမွန်လာခဲ့

Last Updated:

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကိုပြသသည့် အဓိကညွှန်းကိန်းများသည် နိုဝင်ဘာလအတွင်း ပြန်လည်ကောင်းမွန်လာကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) ၏ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိရပါသည်။

Reuters စစ်တမ်းတွင် ဖော်ပြထားသည့်ခန့်မှန်းချက် ၅.၆ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့ကာ စက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၆.၆ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု သိရှိရပါသည်။

လက်လီရောင်းချမှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၀.၁ ရာခိုင်နှုန်းနှင့် ပုံသေပိုင် ရင်းနှီးမြှုပ်နှံမှုမှာ ယခုနှစ် ပထမ ၁၁ လအတွင်း ယခင်နှစ်ကထက် ၂.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သိရှိရပါသည်။

အမျိုးသားစာရင်းအင်းဗျူရို၏ ပြောရေးဆိုခွင့်ရှိသူ Ms. Liu Aihua က ခြုံငုံသုံးသပ်ကြည့်ပါက နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးသည် ဆက်လက်တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ သို့ရာတွင် ပြင်ပအခြေအနေအရပ်ရပ်မှာ မရေရာသည့် အခြေအနေများတွင် ရှိနေပြီး ပြည်တွင်းဝယ်လိုအား ပြည့်မီအောင်ဖြည့်တင်းနိုင်ရေး ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့ပြင် စီးပွားရေးအလုံးစုံ ပြန်လည်ဦးမော့လာစေရေးအတွက် အခြေခံအုတ်မြစ်ကောင်းများကိုစုစည်းရန် လိုအပ်လျက်ရှိနေသေးကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အစိုးရအနေဖြင့် လက်ရှိကာလကို လာမည့်နှစ်တိုးတက်မှုရရှိစေရေး အစပျိုးကာလအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မူဝါဒချမှတ်သူများက ယခုအချိန်တွင် စီးပွားရေးဟန်ချက်ညီစွာဖြင့် ပြန်လည်ဦးမော့လာစေရန် အာရုံစိုက်လျက်ရှိကြောင်း JLL Greater China မှ စီးပွားရေးပညာရှင်နှင့် သုတေသနအကြီးအကဲဖြစ်သူ Mr. Bruce Pang က ပြောကြားထားကြောင်း သိရှိရပါသည်။

အချက်အလက်များအရ အဆင့်မြင့်နည်းပညာလုပ်ငန်းကဏ္ဍသည် စီးပွားရေးပြန်လည် ဦးမော့လာခြင်း၏ အဓိကကျသောနေရာတွင်ရှိခဲ့ကြောင်း၊ အဆင့်မြင့်နည်းပညာသုံး ကုန်ထုတ်လုပ်ငန်းများ၏ ထပ်ဆင့်တိုးတန်ဖိုးသည် နိုဝင်ဘာလတွင်း ယခင်နှစ်ကာလတူထက် ၆.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယခင်လထက် ၄.၄ ရာခိုင်နှုန်း ပိုများခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ် ပထမ ၁၁ လအတွင်း တရုတ်နိုင်ငံ၏ ပျမ်းမျှစားသုံးသူစျေးနှုန်းညွှန်းကိန်း (CPI) မှာ  နှစ်စဉ်တိုးတက်မှုနှုန်းထက် ၀.၃ ရာခိုင်နှုန်း တိုးလာကြောင်း၊ ဈေးနှုန်းအပြောင်းအလဲရှိသည့် အစားအစာနှင့် စွမ်းအင်စျေးနှုန်းများ မပါဝင်သည့် Core CPI သည် အလားတူကာလတွင် ၀.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

မကြာမီက ကျင်းပခဲ့သည့် တရုတ်နိုင်ငံ၏ ဗဟိုစီးပွားရေးလုပ်ငန်းအဖွဲ့ညီလာခံမှ တာဝန်ရှိသူများက အလားအလာရှိသည့် စားသုံးမှုများတိုက်တွန်းဆောင်ရွက်ရန်၊ ထိရောက်မှုရှိစေမည့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်ရန်နှင့် စားသုံးမှုနှင့်ရင်းနှီးမြှုပ်နှံမှု အပြန်အလှန်မြှင့်တင်နိုင်မည့် စက်ဝန်းတစ်ခု တည်ထောင်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟုလည်း သိရှိရပါသည်။

ပြည်တွင်းဝယ်လိုအား ချဲ့ထွင်ရေးမူဝါဒများ တဖြည်းဖြည်းချင်း အကောင်အထည်ပေါ် လည်ပတ်၍ စားသုံးမှုပုံစံများ တဖြည်းဖြည်း ပြောင်းလဲလာကာ ကပ်ရောဂါကာလအလွန် စီးပွားရေး ပြန်လည်ဦးမော့လာသည့် အနေအထားမှ စဉ်ဆက်မပြတ် တိုးတက်နိုင်သည့် အနေအထားသို့ ရောက်ရှိနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိဖြစ်ပေါ်လျက်ရှိသော ဝယ်လိုအား လုံလောက်အောင် ဖြည့်တင်းနိုင်ခြင်းမရှိသည့် ပြဿနာမှာ တဖြည်းဖြည်း လျော့ပါးလာမည်ဟု မျှော်လင့်ထားကြောင်းနှင့် deflation အခြေအနေမျိုး ပေါ်ပေါက်လာလိမ့်မည်မဟုတ်ကြောင်း Ms. Liu မှပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 

 

 

Source:https://news.cgtn.com/news/2023-12-15/China-s-economy-rebounds-in-November-as-macro-policies-take-effect-1pylGBtaJa0/index.html

(ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)          

Category: China(Beijing)