China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်သည့် အခြေအနေ ကောင်းများစွာ ပိုင်ဆိုင်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းခြင်းနှင့် သက်ဆိုင်သည့် စိုးရိမ်ပူပန်နေမှုများနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် အခြေအနေကောင်းများစွာ ပိုင်ဆိုင်လျက်ရှိကြောင်း၊ နိုင်ငံ၏ အလွန်ကြီးမားသောဈေးကွက်၊ ပြည့်စုံသော စက်မှုလုပ်ငန်းစနစ်နှင့် ဖွံ့ဖြိုးတိုးတက်မှု ပုံစံသစ်များက ကမ္ဘာ့စီးပွားရေးလုပ်ငန်းများအတွက် ကြီးမားသည့် အခွင့်အလမ်းများစွာ ဖန်တီးပေးလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ တစ်ဦးကျဝင်ငွေသည် အမေရိကန်ဒေါ်လာ ၁၂,၀၀၀ ကျော်လွန်ခဲ့ပြီး ၎င်း၏ အလယ်အလတ် ဝင်ငွေအုပ်စုသည် သန်း ၄၀၀ ကျော်သို့ ရောက်ရှိနေသဖြင့် အလားအလာကောင်းများစွာရှိသည့် ပြည်တွင်းဈေးကွက်ရှိကြောင်း ဘဏ္ဍာရေးနှင့် စီးပွားရေးရေးရာ ဗဟိုကော်မတီရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံသည် ကုလသမဂ္ဂက စာရင်းပြုစုထားသည့် စက်မှုလုပ်ငန်း အမျိုးအစား အားလုံးပိုင်ဆိုင်သည့် တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး ၎င်း၏စက်မှုလုပ်ငန်းဆိုင်ရာ အားသာချက်များကဲ့သို့ အခြားနိုင်ငံများအနေဖြင့် ကိုက်ညီအောင်ဆောင်ရွက်ရန် ခက်ခဲကြောင်း မှတ်ချက်ပြုထားသည်ဟုလည်း သိရှိရပါသည်။

အဆိုပါမှတ်ချက်များသည် လွန်ခဲ့သည့်ရက်သတ္တပတ်က ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ၏ဗဟိုစီးပွားရေးလုပ်ငန်းအဖွဲ့ညီလာခံမှ ထွက်ပေါ်လာခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ဦးစားပေးလုပ်ဆောင်မည့် စီးပွားရေးလုပ်ငန်းများကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံခေါင်းဆောင်များအနေဖြင့် မြင့်မားသည့် စံနှုန်းများချမှတ်၍ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရေး တွန်းအားပေးခဲ့ကြကြောင်း သိရှိရပါသည်။

ယခုနှစ် ပထမ ၁၀ လအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်း၍ အနည်းငယ် အပြောင်းအလဲရှိခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ မြင့်မားသည့် အနေအထားတွင်ရှိနေမြဲဖြစ်ကြောင်း၊ ဝန်ဆောင်မှုနှင့် အဆင့်မြင့်နည်းပညာ အသုံးပြုထုတ်လုပ်သည့် လုပ်ငန်းများတွင် မှတ်ပုံ တင်ဆောင်ရွက်မှုများ လျင်မြန်စွာ တိုးတက်လျက်ရှိကြောင်း အဆိုပါတာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ပထဝီနိုင်ငံရေးဆိုင်ရာ အခြေအနေများ ရုတ်တရက်ပြောင်းလဲခြင်း၊ ကပ်ရောဂါကာလ ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်မှုကြောင့် နိုင်ငံ၏ အခြေအနေမှန်ကို နားလည်မှုလွဲမှားခြင်းနှင့် ယှဉ်ပြိုင်မှု အားသာချက်များရရှိရန်အတွက် လုပ်သားအခြေပြု စက်မှုလုပ်ငန်းအချို့၏ ပုံမှန်အသွင်ပြောင်းခြင်းတို့ကြောင့် မကြာသေးမီက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက် မတည်ငြိမ်မှုများရှိခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ရှေ့လာမည့်ကာလများတွင် အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှုကို အရှိန်အဟုန် မြှင့်တင်ရန်၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကန့်သတ်ချက်အားလုံးကို ပယ်ဖျက်ရန်၊ ဆက်သွယ်ရေးနှင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးချဲ့ဖွင့်လှစ်ရန်နှင့် နယ်စပ်ဖြတ်ကျော် အချက်အလက်များ  စီးဆင်းမှုနှင့် အစိုးရဝယ်ယူရေး လုပ်ငန်းစဉ်များတွင် တန်းတူပါဝင်နိုင်ရေးစသည့် ပြဿနာများကို ဖြေရှင်းနိုင်ရေး ဆောင်ရွက်သွားမည်ဟုလည်း ကတိပြုထားကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံတွင် နိုင်ငံခြားသားများ စီးပွားရေး၊ လေ့လာရေးနှင့် ခရီးသွားလာရေး လွယ်ကူစေရန်လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားထားကြောင်း သိရှိရပါသည်။

ထို့ပြင် ယခုနှစ် တတိယသုံးလပတ်အတွင်း တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT) မှ ကောက်ယူခဲ့သော စစ်တမ်းအရ တရုတ်နိုင်ငံတွင် အခွန်ပေးဆောင်မှု၊ စျေးကွက်ဝင်ရောက်မှုနှင့် အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ စီးပွားရေးပတ်ဝန်းကျင်အနေအထားကို နိုင်ငံတွင်း လုပ်ကိုင်လျက်ရှိသော နိုင်ငံခြားကုမ္ပဏီများက အပြုသဘောဆောင်သည့်အမြင်များ ဖြေကြားထားကြောင်းနှင့် စစ်တမ်းကောက်ယူထားသည့် နိုင်ငံခြားငွေကြေးဖြင့် လည်ပတ်ဆောင်ရွက်နေသည့် လုပ်ငန်းပေါင်း ၇၀၀ ၏ ၉၀ ရာခိုင်နှုန်းနီးပါးသည် အထက်ဖော်ပြပါ လုပ်ငန်းပတ်ဝန်းကျင်ကို ကျေနပ်လျက်ရှိကြောင်း CCPIT ၏ ပြောရေးဆိုခွင့်ရှိသူမှ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားကြောင်းကိုလည်း တွေ့ရှိရပါသည်။

 

 

Source: China boasts multiple favorable conditions to attract foreign investment: official (www.gov.cn)

Source: Foreign firms satisfied with China's business environment: survey - People's Daily Online

(ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)               

Category: China(Beijing)