ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်၏ ပထမအကြိမ် တရုတ်နှင့်ကုန်သွယ်ရေးစစ်ပွဲအတွင်း ဗီယက်နမ်နိုင်ငံသည် အကျိုးရှိခဲ့သော်လည်း ဒေါ်နယ်ထရမ့်၏ ဒုတိယအကြိမ် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲတွင် ကုန်သွယ်ရေးပစ်မှတ်တစ်ခုဖြစ်လာနိုင်ကြောင်း Wall Street Journal အွန်လိုင်း သတင်း၌ ၁၆-၁၂-၂၀၂၄ ရက်တွင် ဖော်ပြခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံသည် တရုတ်ကုန်ထုတ်လုပ်ငန်းများအတွက် ၎င်းတို့၏ကုန်ပစ္စည်းများကို အမေရိကန်နိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့်တင်ပို့ခွင့်ရရှိရန် ကုန်ထုတ်လုပ်မှုအခြေခံရာနိုင်ငံ တစ်နိုင်ငံဖြစ်လာခဲ့ကြောင်း၊ ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ကုန်သွယ်ရေးအကြံပေးများက ဒုတိယအကြိမ် အစိုးရသက်တမ်းအတွင်း ယင်းအခွင့်အလမ်းများကိုပိတ်သိမ်းရန် အချက်ပြလျက်ရှိကြကြောင်း၊ အကယ်၍ ထိုသို့ပိတ်သိမ်းလိုက်ပါက အရှိန်အဟုန်ဖြင့်တိုးတက်လျက်ရှိသည့် ဗီယက်နမ်နိုင်ငံ၏စီးပွားရေးကိုထိခိုက်နိုင်ပြီး ဗီယက်နမ်နိုင်ငံမှသွင်းကုန်များ ဈေးနှုန်းမြင့်တက်ကာ ဗီယက် နမ်စက်ရုံများနှင့် အလုပ်လုပ်ကိုင်လျက်ရှိသည့်ကုမ္ပဏီများကိုပါ သက်ရောက်မှုရှိလာနိုင်ကြောင်း၊ ဒေါ်နယ်ထရမ့်၏ပထမအကြိမ်သမ္မတသက်တမ်းတွင် တရုတ်နိုင်ငံမှသွင်းကုန်များကို အကောက်ခွန်ကောက်ခံခဲ့သည့် အကျိုးဆက်ကြောင့် ဗီယက်နမ်နိုင်ငံ၏စီးပွားရေးသည် (၈) ရာခိုင်နှုန်းခန့် ကြီးမားလာခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် အမေရိကန်နိုင်ငံသို့တင်ပို့သည့် ပို့ကုန်မြင့်တက်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံက ဗီယက်နမ်နိုင်ငံမှ အားကစားဖိနပ်သွင်းကုန်သည် ယင်းသွင်းကုန်အားလုံး၏ သုံးပုံတစ်ပုံခန့်၊ သစ်သားမွေ့ရာနှင့် စားပွဲသွင်းကုန်သည် ယင်းသွင်းကုန်အားလုံး၏ ထက်ဝက်ခန့်နှင့် ဆိုလာပြားတင်သွင်းမှုသည် ယင်းသွင်းကုန်အားလုံး၏ လေးပုံတစ်ပုံခန့်ရှိလာခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံမှ သွင်းကုန်တင်သွင်းသည့် အမေရိကန်ကုမ္ပဏီများတွင် Apple ၊ Nike နှင့် Gap တို့ ပါဝင်ကြောင်း၊ ဒေါ်နယ်ထရမ့်၏အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ်ရွေးချယ်လျာထားသူ Mr. Jamieson Greer က တရုတ်ကုမ္ပဏီများ၏လက်အောက်ခံကုမ္ပဏီများသည် တတိယနိုင်ငံတစ်ခုခုတွင် တရုတ်နိုင်ငံမှ ပစ္စည်းအစိတ်အပိုင်းအများအပြားဖြင့် ထုတ်လုပ်ထားသောကုန်ပစ္စည်းများကို အမေရိကန်နိုင်ငံသို့ အကောက်ခွန်များပေးဆောင်ရခြင်းမရှိဘဲ ဝင်ရောက်လာခဲ့ကြပြီး အမေရိကန်အနေဖြင့် ယင်းသို့ ဝင်ရောက်လာခြင်းကိုကာကွယ်ရန် ကုန်သွယ်ရေးစည်းမျဉ်းများကို တင်းကျပ်သင့်သည်ဟု ၂၀၂၄ ခုနှစ်၊ မေလတွင်ပြောကြားခဲ့ကြောင်း၊ Mr. Jamieson Greer ရည် ညွှန်းသည့်တတိယနိုင်ငံများသည် ဗီယက်နမ်နှင့် မက္ကဆီကိုနိုင်ငံများဖြစ်ကြောင်း ထုတ်ဖော်ပြော ကြားခြင်းမပြုခဲ့သော်လည်း တရုတ်ကုမ္ပဏီများသည် အမေရိကန်နိုင်ငံ၏ဈေးကွက်သို့ ဝင်ရောက်ရန် မက္ကဆီကိုနှင့် ဗီယက်နမ်နိုင်ငံတို့တွင်လုပ်ငန်းများတည်ထောင်ခဲ့ကြကြောင်း၊ ရွေးကောက်ခံသမ္မတက အမေရိကန်နိုင်ငံ၏သွင်းကုန်အားလုံးကို အကောက်ခွန်သတ်မှတ်ကောက်ခံမည်ဟုပြောကြားထားရာ ဗီယက်နမ်သည်လည်း အစိုးရသစ်အတွက်ကုန်သွယ်ရေးပစ်မှတ်တစ်ခုဖြစ်လာနိုင်ကြောင်း၊ အမေရိကန်သို့ဗီယက်နမ်မှ တင်ပို့သည့်ပို့ကုန်သည် အမေရိကန်မှဗီယက်နမ်သို့ ပို့ကုန်ထက် (၉)ဆပိုများပြီး အမေရိကန်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်များဖြစ်သော တရုတ်၊ မက္ကဆီကိုနှင့် ဥရောပသမဂ္ဂတို့ပြီးလျှင် ဗီယက်နမ်နိုင်ငံမှ သွင်းကုန်အများဆုံးဖြစ်ကြောင်း သိရှိရပါသည်။
ဒေါ်နယ်ထရမ့်သည် တရုတ်နှင့် မက္ကဆီကိုနိုင်ငံတို့နှင့်ကုန်သွယ်ရေးအပေါ် အဓိကအာရုံစိုက်လျက်ရှိသဖြင့် ဗီယက်နမ်နိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများအများအပြား ဝင်ရောက်လာနိုင်သည်ဟုလည်း သုံးသပ်သူများရှိကြောင်း၊ ဒေါ်နယ်ထရမ့်က ဗီယက်နမ်မှသွင်းကုန်များကို တရုတ်နိုင်ငံမှသွင်းကုန်များအောက် အကောက်ခွန်လျော့နည်းကောက်ခံပါက ဗီယက်နမ်အနေဖြင့် ၎င်း၏ နေရာကိုဆက်လက်ထိန်းထားနိုင်မည်ဖြစ်ကြောင်း၊ နည်းပညာကုမ္ပဏီအချို့သည်လည်းဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြကြောင်း၊ အမေရိကန်ချစ်ပ်(Chip)ထုတ်လုပ်သည့်ကုမ္ပဏီ Nvidia ကလည်း ဗီယက်နမ်နိုင်ငံတွင် ဉာဏ်ရည်တုသုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ တစ်ခုဖွင့်လှစ်ရန်စီစဉ်လျက်ရှိသည်ဟုပြောကြားခဲ့ကြောင်း၊ တောင်ကိုရီးယားလျှပ်စစ်ပစ္စည်း ကုမ္ပဏီတစ်ခုဖြစ်သည့် Samsung သည် ဗီယက်နမ်နိုင်ငံတွင် အမေရိကန်ဒေါ်လာ (၂၂) ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီး စက်ရုံသစ်တစ်ခုတည်ဆောက်ရန် အမေရိကန်ဒေါ်လာ (၁.၈) ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံရန် သဘောတူထားပြီးဖြစ်ကြောင်း၊ Apple ကုမ္ပဏီကလည်း ၎င်း၏ iPads ၊ MacBooks နှင့် Earphones များကိုအရှေ့တောင်အာရှနိုင်ငံများတွင် ထုတ်လုပ်လာခဲ့ရာ ဗီယက်နမ်နိုင်ငံတွင် ၎င်း၏ပစ္စည်းများ ထုတ်လုပ်သည့်မိတ်ဖက်စက်ရုံပေါင်း (၃၅) အထိ တိုးလာခဲ့ကြောင်း သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံသည် ငယ်ရွယ်ပြီးလုပ်ခဈေးပေါသောလူငယ်အလုပ်သမားထုရှိပြီး တရုတ်နိုင်ငံ နှင့် နယ်နိမိတ်ထိစပ်လျက်ရှိရာ တရုတ်နိုင်ငံမှပစ္စည်းများနှင့် အစိတ်အပိုင်းများကို စက်ရုံများသို့ အလွယ်တကူသယ်ယူနိုင်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် အမေရိကန်ဖက်ရှင်ကုမ္ပဏီ Steve Madden နှင့် ဂေါ့ဖ်ပစ္စည်းများထုတ်လုပ်သည့် Acushnet တို့သည့် ဖိနပ်ထုတ်လုပ်မှုကို တရုတ်နိုင်ငံမှဗီယက်နမ်သို့ရွှေ့ပြောင်းရန် ဆွေးနွေးခဲ့ကြကြောင်း၊ ဒေါ်နယ်ထရမ့်၏ပထမ အကြိမ်သမ္မတသက်တမ်း အတွင်း ၂၀၁၆ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၂၉၀) ဘီလီယံအထိ ဗီယက်နမ်နိုင်ငံသို့ဝင်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သည့် နိုင်ငံ/ ဒေသ များမှာ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူတို့ဖြစ်ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံမှ ပရိဘောဂပစ္စည်းများကို အကောက်ခွန် (၂၅) ရာခိုင်နှုန်းကောက်ခံခဲ့ပြီးနောက် အမေရိကန်နိုင်ငံ၏ လက်လီအရောင်းဆိုင်များဖြစ်သည့် Staples နှင့် Office Depot သို့ ကုလားထိုင်အဓိကတင်ပို့သည့် တရုတ်ကုမ္ပဏီ UE Chairs သည် ၂၀၁၈ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ စက်ရုံအသစ်တည်ထောင်ခဲ့ပြီး ယင်းနောက်ပိုင်းမှစ၍ အမေရိကန်နိုင်ငံသို့တင်ပို့သည့်ပစ္စည်းများကို ဗီယက်နမ်မှတင်ပို့ခဲ့ကြောင်း၊ Uniqlo ၊ Under Armour နှင့်Gap သို့ ခြေအိတ်နှင့် အဝတ်အထည်များ ချုပ်လုပ်ပေးသည့် တရုတ် Zhejiang Jasan Holding Group သည်လည်း ဗီယက်နမ်နိုင်ငံ၊ Nam Dinh ပြည်နယ်တွင် စက်ရုံအသစ်တည်ဆောက်ရန် ကြေညာခဲ့ကြောင်း သိရှိ ရပါသည်။
ဒေါ်နယ်ထရမ့်အနေဖြင့် အကောက်ခွန်တိုးမြှင့်ကောက်ခံရန်ချမှတ်နိုင်သော်လည်း စက်ရုံများကို တစ်နေရာမှ အခြားတစ်နေရာသို့ပြောင်းရွှေ့ရန် နှစ်အနည်းငယ်ကြာမြင့်နိုင်ရာ ကုမ္ပဏီများသည် အမေရိကန်မဟုတ်သည့် အခြားဈေးကွက်များသို့ ၎င်း၏ပစ္စည်းများကို တင်ပို့လာနိုင်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဗီယက်နမ်နိုင်ငံ၌ လုပ်ငန်းတည်ထောင်ရန် ဝန်ဆောင်မှုပေးသည့် Seditex ကုမ္ပဏီမှ Mr. Frank Vossen က ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ လုပ်ငန်းလုပ်ကိုင်ရန် အမေရိကန်နိုင်ငံမှစုံစမ်းမေးမြန်းမှုသည် ယခင်နှစ်ကထက် နှစ်ဆခန့်မြင့် တက်ခဲ့ကြောင်း၊ စုံစမ်းမေးမြန်းမှုအများစုမှာသတ္တုနှင့် ပလပ်စတစ်အစိတ်အပိုင်းများနှင့် ပတ်သက် သည့်လုပ်ငန်းများ ဖြစ်ကြောင်း သိရှိရပါသည်။
ထိုင်ဝမ်လျှပ်စစ်ပစ္စည်းထုတ်လုပ်သူများသည် ဒေါ်နယ်ထရမ့်ရွေးကောက်ပွဲအနိုင်ရလဒ် ထွက်ပေါ်လာပြီးနောက်တွင် ဗီယက်နမ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်စဉ်းစားလျက်ရှိကြကြောင်း၊ ရေချိုးခန်းသုံးအပိုပစ္စည်း၊ လျှပ်စစ်မီးသီးအမျိုးမျိုးနှင့် ပရိဘောဂထုတ်လုပ်သည့် Phipps International သည် ပြည်တွင်းမှ ယုံကြည်စိတ်ချရသည့်ကုန်ကြမ်းအစိတ်အပိုင်းများဖြန့်ဖြူးသည့် လုပ်ငန်းရှာမရဘဲ ကုန်ကြမ်းအားလုံးကို တရုတ်နိုင်ငံမှတင်သွင်းရသဖြင့် ဗီယက်နမ်ရှိ ၎င်း၏စက်ရုံကို ပိတ်သိမ်းခဲ့ရကြောင်း၊ ထို့ကြောင့် လုပ်ငန်းအချို့ကို တရုတ်သို့ ပြန်လည်ရွှေ့ပြောင်းရန်ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံထုတ်ပစ္စည်းများသည် အရည်အသွေးလည်းကောင်းမွန်သည်ဟု Phipps International ၏ အမှုဆောင်အရာရှိချုပ် Mr. Jake Phipps က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။