အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနသည် စိုက်ပျိုးရေးနှင့် စီးပွားရေးလုပ်ငန်းများ တိုးတက်ရန်၊ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားရန်နှင့် စားသုံးသူများအတွက် ဈေးနှုန်းများလျှော့ချရန် ပြည်နယ်(၉)ခု တွင် ဓာတ်မြေဩဇာထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါသည်။
အမေရိကန်စိုက်ပျိုးရေးဝန်ကြီးက ပြည်တွင်းကုန်ထုတ်လုပ်မှုကွင်းဆက်ရှိလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူများအတွက် ကုန်ကျစရိတ်လျှော့ချပေးပြီး ရွေးချယ်စရာ ပို၍များပြားစေသည်ဟုပြောကြားခဲ့ပြီး ဓာတ်မြေဩဇာများကို ပြည်တွင်း၌ထုတ်လုပ်ခြင်းဖြင့် အမေရိကန်နိုင်ငံသားများကို အလုပ်အကိုင်ဖန်တီးပေးခြင်း၊ မိသားစုများ၏ကုန်ကျစရိတ်လျှော့ချခြင်း နှင့် စိုက်ပျိုးထုတ်လုပ်သူများ ဝင်ငွေတိုးတက်ရန် တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးရာရောက်ကြောင်း၊ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနသည် ကယ်လီဖိုးနီးယား၊ ကော်လိုရာဒို၊ ဂျော်ဂျီယာ၊ အင်ဒီးယားနား၊ အိုင်အိုဝါ၊ ကန်းဆက်၊ မီချီဂန်၊ အိုကလာဟိုးမားနှင့် ဝင်စကွန်စင်ပြည်နယ်များတွင် ဓာတ်မြေဩဇာထုတ်လုပ်သည့်အစီအစဉ်၌ အမေရိကန်ဒေါ်လာ (၁၁၆) သန်းကျော် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနသည် ဓာတ်မြေဩဇာထုတ်လုပ်မှုတိုးချဲ့ဆောင်ရွက်ရေးအစီအစဉ်မှတစ်ဆင့် ပြည်နယ် (၃၄) ပြည်နယ်နှင့် ပေါ်တိုရီကိုနိုင်ငံတို့တွင် ဓာတ်မြေဩဇာထုတ်လုပ်သည့် စက်ရုံ (၇၆) ရုံတည်ထောင်၍ အမေရိကန်ဒေါ်လာ (၅၁၇) သန်း ရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများမှ ဓာတ်မြေဩဇာတန်ချိန် (၁၁.၈) သန်း နှစ်စဉ်ထုတ်လုပ်လျက်ရှိပြီး အလုပ်အကိုင်အရေအတွက် (၁,၃၀၀)ကျော် ဖန်တီးပေးခဲ့ပါကြောင်းနှင့် ဓာတ်မြေဩဇာ ထုတ်လုပ်မှုတိုးချဲ့ဆောင်ရွက်ရေးအစီအစဉ်သည် သမ္မတဂျိုးဘိုင်ဒင်အစိုးရလက်ထက်တွင် အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနက စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။