Thailand

ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ မြင့်တက်ခဲ့ကြောင်း စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနက ထုတ်ပြန်ခဲ့

Last Updated:

      ထိုင်းနိုင်ငံ၌ နိုင်ငံခြားစီးပွားရေးလုပ်ငန်းအက်ဥပဒေအရ နိုင်ငံခြားစီးပွားရေးလုပ်ငန်းကော်မတီက ခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ဘတ် ၇.၁၇ ဘီလီယံရှိကြောင်း၊ ရင်းနှီးမြှုပ်နှံ သူ ၅၄ ဦးဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

      ဂျပန်နိုင်ငံက ဝန်ဆောင်မှုနှင့်ဆက်စပ်သော လုပ်ငန်းများတွင် စီမံကိန်း ၁၅ ခု၊ တန်ဖိုး ဘတ် ၃.၇၉ ဘီလီယံဖြင့် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း၊ စင်ကာပူနိုင်ငံက အချက်အလက်စင်တာများ၊ နေစွမ်းအင်နှင့် လူ့စွမ်းအားရင်းမြစ်များနှင့် လစာစီမံခန့်ခွဲမှုအတွက် Software ရေးဆွဲသည့် လုပ်ငန်းများ အပါအဝင် စီမံကိန်း ၇ ခု၊ တန်ဖိုး ဘတ် ၁.၀၉ ဘီလီယံဖြင့် ဒုတိယ၊ တရုတ်နိုင်ငံက ဆေးဝါးထုတ်ကုန်၊ အားကစားပစ္စည်းများ၊ ကားထိုင်ခုံအစွပ်များစသည့် စီမံကိန်းများအပါအဝင် စီမံကိန်း ၇ ခု၊ တန်ဖိုး ဘတ် ၇၆၈ သန်းဖြင့် တတိယ၊ ဟောင်ကောင်နိုင်ငံက စားသောက်ဆိုင်နှင့် ကော်ဖီဆိုင်စီမံခန့်ခွဲမှုဆိုင်ရာ အကြံဉာဏ်ပေးသည့် ဝန်ဆောင်မှု စီမံကိန်းနှင့် အီလက်ထရောနစ်နှင့်ဆိုင်သည့် စီမံကိန်း ၄ ခု၊ တန်ဖိုး အမေရိကန်ဒေါ်လာ ဘတ် ၂၆၄ သန်းဖြင့် စတုတ္ထ၊ အမေရိကန်နိုင်ငံက ဝက်ဘ်ဆိုဒ်များနှင့် Applications များနှင့်ဆက်စပ်သည့် ဝန်ဆောင်မှုစီမံကိန်း၊ အစားအစာနှင့် အဖျော်ယမကာနှင့် သက်ဆိုင်သည့် စီမံကိန်း ၆ ခု၊ တန်ဖိုး ဘတ် ၂၆ သန်းဖြင့် ပဉ္စမနေရာများတွင် အသီးသီးရပ်တည်လျက်ရှိကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Auramon Supthaweethum က ပြောကြားခဲ့သည်။

      အရှေ့ဖက်စီးပွားရေးစင်္ကြန် (Eastern Economic Corridor-EEC) တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ၁၇ ဦးက ဘတ် ၂.၃၀ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပါကြောင်း၊ ဂျပန်နိုင်ငံမှ စီမံကိန်း ၅ ခု၊ တရုတ်နိုင်ငံမှ စီမံကိန်း ၅ ခု၊ တောင်ကိုရီးယား နိုင်ငံမှ စီမံကိန်း ၂ ခု နှင့် အခြားနိုင်ငံများမှ စီမံကိန်း ၅ ခု ဖြစ်ကြောင်း သိရှိရပါသည်။

    Eastern Economic Corridor-EEC သည် ထိုင်းနိုင်ငံ၏ အဓိက စက်မှုနယ်မြေ ပြည်နယ် ၃ ခုကို လွှမ်းခြုံသော စီးပွားရေးစင်္ကြန်တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံအစိုးရ၏ ဦးစားပေးမြှင့်တင်လျက်ရှိသော စီးပွားရေးစင်္ကြန်တစ်ခုဖြစ်ပါသည်။ ယခင်ဝန်ကြီးချုပ်လက်ထက်တွင် ပိုမိုဦးစားပေးဆောင်ရွက်ခဲ့ပြီး ယခု ဝန်ကြီးချုပ်လက်ထက်တွင် ကုန်းမြေချိတ်ဆက်မီဂါစီမံကိန်းကို ပိုမိုဦးစားပေးဆောင်ရွက်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 

 

 

Source: www.bangkokpost.gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့) 

Category: Thailand