Thailand

တာဂျစ်ကစ္စတန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရေးအတွက် ကုန်သွယ်ရေးဆိုင်ရာ လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးသွားရန်ရှိ

Last Updated:

     ထိုင်းနိုင်ငံနှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးအတွက် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ စာရွက်၊ သကြားနှင့် ဆန်အကြောင်းအရာများအပေါ် အလေးပေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တာဂျစ်ကစ္စတန်နိုင်ငံသည် အလားအလာကောင်းသော ဈေးကွက်သစ်ဖြစ်ပါကြောင်း တာဂျစ်ကစ္စတန် သံအမတ်ကြီးနှင့် တွေ့ဆုံမှုတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ပြောကြားခဲ့ပါသည်။

       တာဂျစ်ကစ္စတန်နိုင်ငံသည် ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာမန်နစ်စတန်နှင့် ဥဘက်ကစ္စတန်စသည့် ဗဟိုအာရှဈေးကွက်သို့ ရောက်ရှိနိုင်သည့် ဝင်ပေါက်တစ်ခုဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံသည် တာဂျစ်နိုင်ငံ၏ လိုအပ်ချက်ဖြစ်သော စာရွက်၊ သကြားနှင့် ဆန်ပို့ကုန်များတင်ပို့ရန် အဆင်သင့်ဖြစ်နေပါကြောင်း၊ တာဂျစ်နိုင်ငံတွင် ဝါဂွမ်း၊ ရွှေ၊ ငွေနှင့် အလူမီနီယမ် ကဲ့သို့သော ထိုင်းစက်ရုံများအတွက် ကုန်ကြမ်းများပံ့ပိုးပေးနိုင်သည့်  ရင်းမြစ်များရှိပါကြောင်း၊ ပို့ကုန်တိုးမြှင့်ရန် စီးပွားရေးသံတမန် နည်းလမ်းကို အသုံးပြုမည့် အစိုးရ၏ မူဝါဒအရ တန်ဖိုးရှိသည့် အခွင့်အလမ်းများဖန်တီးပေးနိုင်သည့် ဆွေးနွေးမှုဖြစ်ပါကြောင်း၊ တာဂျစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများကိုလည်း ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းစဉ်များ၊ ပြပွဲများ၊ အွန်လိုင်းလုပ်ငန်းညှိနှိုင်းချိတ်ဆက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ပါဝင်ရန် ဖိတ်ကြားလိုပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

        ထိုင်းနိုင်ငံနှင့် အာဆီယံသည် အရေးကြီးသဖြင့် ၂၀၂၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ တာဂျစ်သံရုံး ဖွင့်လှစ်သွားရန် လျာထားပါကြောင်း၊ တိုက်ရိုက်ကုန်သွယ်မှုနှင့် ထိုင်းထုတ်ကုန်များကို ဒေသတွင်းတွင် လွယ်ကူစွာ ဖြန့်ဖြူးနိုင်ရန် နယ်စပ်ဖြတ်ကျော်ကုန်လှောင်ရုံကို တာဂျစ်နိုင်ငံအတွင်း တည်ဆောက်နိုင်ရေး စဉ်းစားပေးရန် တာဂျစ်နိုင်ငံက ဖိတ်ခေါ်ထားပါကြောင်း၊ နယ်စပ်ဖြတ်ကျော် ကုန်လှောင်ရုံနှင့် စပ်လျဉ်း၍ တရုတ်နှင့် မြန်မာနိုင်ငံတို့တွင်လည်း ဆောင်ရွက်ထားသဖြင့် ဖြစ်နိုင်ချေရှိပါကြောင်း၊ ကုန်လှောင်ရုံတည်ဆောက်ထားခြင်းဖြင့် ပို့ကုန်/သွင်းကုန်များအတွက် တိုက်ရိုက်ကုန်သွယ်မှုအခွင့်အလမ်းများ ဖွင့်လှစ်ပေးနိုင်ပါကြောင်း ပြည်သူ့ကုန်လှောင်ရုံအဖွဲ့ (Public Warehouse Organization-PWO) ဥက္ကဋ္ဌ Mr. Kriangsak Prateepvisut က ဖြည့်စွက်ပြောကြားခဲ့သည်။

     နယ်စပ်ဖြတ်ကျော် ကုန်လှောင်ရုံတည်ဆောက်ထားခြင်းဖြင့် ထိုင်းလုပ်ငန်းရှင်များအား ယှဉ်ပြိုင်မှု အလားအလာကို တိုးမြှင့်စေနိုင်ပြီး ကုန်စည်များကို ကုန်သေတ္တာအပြည့် သယ်ဆောင်နိုင်သဖြင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ကြောင်း၊ အွန်လိုင်းဈေးကွက်ဖွံ့ဖြိုးသည့် ဧရိယာအတွင်း တည်ဆောက်ထားမည်ဆိုပါက နယ်စပ်ဖြတ်ကျော် e-commerce ကုန်လှောင်ရုံ အဖြစ်သို့ လွယ်ကူစွာပင် ပြောင်းလဲသွားနိုင်ကြောင်း၊ တရုတ်အစိုးရက ၎င်း၏ လုပ်ငန်းရှင်များကို ဆောင်ရွက်ပေးသည့်အတိုင်း ကုန်လှောင်ရုံအခကြေးငွေကို အနည်းဆုံး သို့မဟုတ် ကင်းလွတ်အဖြစ် ဆောင်ရွက်ပေးနိုင်ကြောင်း၊ PWO အနေဖြင့် ယင်းစီမံကိန်းကို တရုတ်၌ နန်းရှ၊ ဝူဟန်နှင့် ကူမင်း၊ မြန်မာ၌ ထားဝယ်တို့တွင် ဆောင်ရွက်ရန် စတင်ထားပြီးဖြစ်ကြောင်း၊ ကုန်လှောင်ရုံစီမံချက်ကို တာဂျစ် ကစ္စတန်နိုင်ငံတွင် အောင်မြင်စွာအကောင်အထည်ဖော်နိုင်မည် ဆိုပါက လူဦးရေသန်း ၁၀၀ ကျော်ရှိ သည့် ဥဘက်ကစ္စတန်၊ အာဖဂန်နစ္စတန်၊ ကာဇက်စတန်၊ တာမန်နစ်စတန်နှင့် ကာဂျစ်စတန် နိုင်ငံတို့ကို လွှမ်းခြုံနိုင်မည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

   တာဂျစ်ကစ္စတန်သည် ဗဟိုအာရှတွင် ထိုင်းနိုင်ငံ၏ အဆင့် ၅ ရှိသော ကုန်သွယ်ရေး မိတ်ဖက် ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃.၁၂ သန်းဖြစ် ပါ ကြောင်း၊ အဓိက ပို့ကုန်များမှာ စာရွက်ထုတ်ကုန်များ၊ မော်တော်ယာဉ်နှင့် အစိတ်အပိုင်းများ၊ သန့်စင် ပြီးဆီ၊ ရေခဲသေတ္တာနှင့် ရေခဲစက်များဖြစ်ပြီး သွင်းကုန်များမှာ လျှပ်စစ်ပစ္စည်းများ၊ ချည်ထည်ထုတ် ကုန်များ၊ ဝါဂွမ်းနှင့် အလူမီနီယမ်တို့ဖြစ်ကြောင်း သိရှိရပါသည်။

     ထိုင်းနိုင်ငံအစိုးရသည် စီးပွားရေးသံတမန်နည်းလမ်းကို အသုံးချခြင်းဖြင့် နိုင်ငံ၏ ပို့ကုန်ကဏ္ဍ မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် FTA များကို အရှေ့အလယ်ပိုင်းတွင် အာရှစော်ဘွားများပြည်ထောင်စု၊ ဗဟိုအာရှတွင် တာဂျစ် ကစ္စတန် စသည့် အဓိက ဝင်ပေါက် နိုင်ငံများနှင့် ချုပ်ဆိုခြင်းဖြင့် အလားအလာကောင်းသော ကုန်သွယ်ရေးမိတ်ဖက်များ တိုးချဲ့နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်ရပါသည်။   

 

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand