Thailand

ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (Board of Investment-BoI) က ၂၀၂၄ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံ မှုပမာဏကို ဘတ် ၈၄၈ ဘီလီယံထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားလျက်ရှိ

Last Updated:

   ထိုင်းနိုင်ငံ၌ လျှပ်စစ်မော်တော်ကား (Electric Vehicle-EV)၊ အီလက်ထရောနစ်နှင့် ဒီဂျစ်တယ်နည်းပညာ စက်မှုလုပ်ငန်းနှင့်သက်ဆိုသည့် ရင်းနှီးမြှုပ်နှံမှုအသစ်များကြောင့် ၂၀၂၄ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ဘတ် ၈၄၈ ဘီလီယံထိရောက်ရှိရန် ခန့်မှန်းထားပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ BoI က ထောက်ခံပေးသည့် ရင်းနှီးမြှုပ်နှံမှုမက်လုံးများအတွက် လျှောက်ထားလာသည့် လုပ်ငန်းလျှောက်လွှာများကို အခြေခံ တွက်ချက်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

     အစိမ်းရောင်စွမ်းအင်ကို လက်ခံကျင့်သုံးသင့်ပြီး အခြားသော ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန် လိုအပ်ကြောင်း၊ ပြည်ပနိုင်ငံများတွင် ကျင်းပခဲ့သည့် ရင်းနှီးမြှုပ်နှံမှု Roadshow များနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အစီအစဉ်များကြောင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ EV နှင့် လျှပ်စစ်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး အလားအလာကောင်းသော ရင်းနှီးမြှုပ်နှံ သူများနှင့် ဆွေးနွေးလျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံသည် လတ်တလောတွင် Printed Circuit Board ရင်းနှီးမြှုပ်နှံမှု၏ အချက်အချာဖြစ်ပါကြောင်း၊ ဘုတ်အဖွဲ့က ထိုင်းနိုင်ငံ၏ “New Economy” ကို တည်ဆောက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးမဟာဗျူဟာ (၂၀၂၃-၂၀၂၇) ကို ကြေညာခဲ့ပါကြောင်း ဘုတ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Narit Therdsteerasukdi က ပြောကြားခဲ့ပါသည်။

     ၅ နှစ်ကြာဆောင်ရွက်သွားမည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးမဟာဗျူဟာသည် စီးပွားရေးနှင့် ယှဉ်ပြိုင်မှုကို အားပေးမည့် ကဏ္ဍများဖြစ်သည့် အစိမ်းရောင်နှင့် စမတ်ကျသော စက်မှုလုပ်ငန်းများ၊ တီထွင်ဆန်းသစ်သည့် နည်းပညာမြင့်မားသော ရင်းနှီးမြှုပ်နှံမှုများအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ နှစ်စဉ် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၆၀၀ ဘီလီယံဖြင့် ၅ နှစ်အတွင်း ဘတ် ၃ ထရီလီယံ ရရှိရန် မျှော်မှန်းထားပါကြောင်း၊ ကုန်သွယ်ရေးပဋိပက္ခနှင့် ပထဝီဝင်နိုင်ငံရေးတင်းမာမှုများကို ရှောင်ရှားလိုသည့် ရင်းနှီးမြှုပ်နှံသူများအတွက် ၎င်းတို့၏ ထုတ်လုပ်မှုအခြေစိုက်အဖြစ် ထိုင်းနိုင်ငံကို ရွေးချယ်နိုင်ရေး ဆွဲဆောင်သွားနိုင်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

      ကမ္ဘာကြီးပူနွေးလာမှုနှင့် ဆိုက်ဘာလုံခြုံရေးသည် ထိုင်းစီးပွားရေးအတွက် အဓိကစိန်ခေါ်မှုများဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များသည် ထုတ်ကုန်များ၏ တန်ဖိုးတိုးမြှင့်တင်ရာတွင် နည်းပညာများ ကို အသုံးပြုခြင်းဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချပေးသည့် အယူအဆဖြစ်သော Bio-, Circular and Green (BCG) စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို လက်ခံရန် လိုအပ်ပါကြောင်း စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌ Ms. Nilsuwan Leelarasamee က ဖြည့်စွက်ပြောကြားခဲ့သည်။

          ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးအတွက် လိုအပ်ချက်ဖြစ်သော အခြေခံ အဆောက်အဦများရှိပြီး ဦးစားပေးမြှင့်တင်လိုသည့် ကဏ္ဍများသတ်မှတ်ကာ လုပ်ငန်းရှင်များအား မက်လုံးပေး အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဦးစားပေးမြှင့်တင်မည့် ကဏ္ဍများထဲတွင် EV လုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်ရာ ယင်းကဏ္ဍကိုမြှင့်တင်ခြင်းဖြင့် အစိုးရ၏ ၂၀၃၀ ပြည့်နှစ်တွင် တစ် နိုင်ငံလုံး၌ EV မော်တော်ကားများ သုံးစွဲသွားမည့် မျှော်မှန်းထားချက်ကိုလည်း အကောင်အထည်ဖော်ရာ ရောက်ပါကြောင်း သုံးသပ်ရပါသည်။

 

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand