Thailand

အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်သည် ထိုင်းနိုင်ငံ၏ ပို့ကုန်ကို မြှင့် တင်ပေးလျက်ရှိ

Last Updated:

    အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်သည် ထိုင်းနိုင်ငံ၏ ပို့ကုန်များ အထူးသဖြင့် ပြုပြင်ထားသော သကြားထုတ်ကုန်များ၊ ပျားရည်တုများနှင့် အချိုမုန့်အများအပြားကို တရုတ်နိုင်ငံသို့ တင်ပို့မှုမြှင့်တင်ပေးလျက်ရှိကြောင်း နိုင်ငံခြား ကုန်သွယ်မှု ဦးစီးဌာနက ထုတ်ပြန်ထား ချက်အရ သိရှိရပါသည်။

          တရုတ်နိုင်ငံသို့ သကြားတင်ပို့မှုသည် ၁၄၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ဆယ်စုနှစ်ကျော်လွန်ခဲ့ ပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် စိုက်ပျိုးရေးထုတ်ကုန်များအတွက် အဓိက ပို့ကုန်ဈေးကွက်တစ်ခု ဖြစ်ကြောင်း၊ အစားအစာများ၊ အဖျော်ယမကာ နှင့် ဆေးဝါးများတွင် အသုံးပြုသော ပြုပြင်ထားသည့် သကြားထုတ်ကုန်များ၏ ဝယ်လိုအားမြင့်မားလျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ သကြားတင်သွင်းမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၉၈၃ သန်း ဖြစ်ပြီး ၁၀၃ ရာခိုင်နှုန်းဖြင့် ထိုင်းနိုင်ငံ မှ အများဆုံးဖြစ်ပါကြောင်း၊ ပို့ကုန်တိုးမြင့်ရခြင်းမှာ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်ကြောင့် ဖြစ်ပါကြောင်း ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Mr. Rannarong Phool-pipat က ပြောကြားခဲ့သည်။

          အဆိုပါစာချုပ်ကြောင့် နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပေးထားသည့် ပင်ရင်းသက် သေခံလက်မှတ် (Form E) ဖြင့် တင်ပို့သော ပြုပြင်ပြီးသကြားအတွက် သွင်းကုန်ခွန် သုည ရာခိုင်နှုန်း အပါအဝင် ဦးစားပေးခံစားခွင့်များကို ထိုင်းနိုင်ငံအနေဖြင့် ခံစားခွင့် ရရှိပါကြောင်း၊ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် အကျိုးခံစားခွင့်များမရရှိပါက ပိုမိုအလေးပေးသော နိုင်ငံ (Most-favoured nation) နှုန်းထားဖြစ်သော ၃၀ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း သွင်းကုန်ခွန်တန်ဖိုး အမေရိကန်ဒေါ်လာ ၈၃၈ သန်းအတွက် Form E ဖြင့် ခံစားခွင့်ရရှိခဲ့ပါ ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

          ပြုပြင်ပြီးသကြားသည် ထိုင်းပို့ကုန်လုပ်ငန်းရှင်များအတွက် FTA ခံစားခွင့်မြှင့်တင်ခြင်းမှ တစ်ဆင့် ကမ္ဘာ့ဈေးကွက်ချဲ့ထွင်ရန် အလားအလာကောင်းသော ထုတ်ကုန်ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံ ၏ ပြုပြင်ပြီး သကြားသည် တရုတ်ဈေးကွက်အပြင် အစားအသောက်နှင့် အဖျော်ယမကာ စက်ရုံများရှိ သည့် အာဆီယံဈေးကွက်သည်လည်း အလားအလာ ကောင်းသော ဈေးကွက်ဖြစ်ကြောင်း Mr. Ranna-rong က ဖြည့်စွက်ပြောကြားခဲ့သည်။

          ထိုင်းနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် အားလျော်စွာ အာဆီယံနှင့်အခြားသော ဆွေး နွေးဖက်နိုင်ငံများအကြား ချုပ်ဆိုထားသော လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်ပါ ခံစား ခွင့်များကို အကျိုးရှိရှိအသုံးချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ချုပ်ဆိုပြီးသော နှစ်နိုင်ငံ FTA ၁၄ ခုရှိပြီး သီရိလင်္ကာနိုင်ငံနှင့် FTA ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ချုပ်ဆိုခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ချဲ့ထွင်ရန် ဈေးကွက်သစ်များဖြစ်သော ဥရောပသမဂ္ဂ၊ အာရပ်စော် ဘွားများ ပြည်ထောင်စုနှင့် ဘူတန်နိုင်ငံတို့နှင့်လည်း FTA ချုပ်ဆိုနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သုံးသပ်ရပါသည်။

 

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand