Thailand

ထိုင်းနိုင်ငံသည် အာရှ၏ ဆွစ်ဇာလန်ဖြစ်သည်ဟု ဝန်ကြီးချုပ် Mr. Srettha Thavisin က တင်စား ပြောဆိုခဲ့

Last Updated:

ထိုင်းနိုင်ငံ၏ ကုန်းမြေချိတ်ဆက်စီမံကိန်းသည် နိုင်ငံတကာ ကုမ္ပဏီများ၏ စိတ်ဝင်စားမှုများ ဆွဲဆောင်နိုင်သည့် အလားအလာရှိကြောင်း၊ ရင်းနှီး မြှုပ်နှံမှုဆွဲဆောင်ရာတွင် “အာရှ၏ ဆွစ်ဇာလန်” ဟုတင်စားနိုင်ကြောင်း ဝန်ကြီးချုပ် Mr. Srettha Thavisin က ပြောကြားလိုက်ပါသည်။

ခိုင်မာသော မော်တော်ယာဉ်နှင့် လျှပ်စစ်ပစ္စည်းစက်ရုံများရှိသောကြောင့် ထိုင်းနိုင်ငံတွင်း လျှပ်စစ်မော်တော်ကားစက်ရုံများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရေး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်မော်တော်ကားစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ရင်းနှီး မြှုပ်နှံမှုတန်ဖိုး ဘတ် ၁ ထရီလီယံရှိသော ဂျပန်မော်တော်ကားကဏ္ဍ၏ အကျိုးအမြတ်ပေါ်တွင် မူတည်ပါကြောင်း၊ လောင်ကျွမ်းအင်ဂျင်မော်တော် ကားထုတ်လုပ်ခြင်းမှ လျှပ်စစ်မော်တော်ကား ထုတ်လုပ်ခြင်းသို့ ကူးပြောင်းလိုသောကြောင့် ၎င်းတို့အတွက် မက်လုံးပေး အစီအစဉ်ဖြစ်‌စေရေးအတွက် ထိုင်းနိုင်ငံရှိ မော်တော်ကား ထုတ်လုပ်မှုအခြေစိုက်များကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခံစားခွင့်များပေးခဲ့ပါကြောင်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။

မော်တော်ကားထုတ်လုပ်မှုနှင့် ထောက်ပံ့မှု ကွင်းဆက်တစ်လျှောက်ရှိ ရင်းနှီးမြှုပ်နှံမှုအတွက် EV3.5 မူဝါဒက ထုတ်ပြန်ထားပါကြောင်း၊ ဘတ် ၁ ထရီလီယံ ကုန်းမြေချိတ်ဆက် စီမံကိန်းသည်လည်း ရင်းနှီးမြှုပ်နှံသူများ ဆွဲဆောင်နိုင်သည့် အချက်ဖြစ်ပါကြောင်း၊ ကမ္ဘာ့သင်္ဘောအရေအတွက် မြင့်တက်လာချိန်တွင် ၂၀၂၃ ခုနှစ်က စူးအက်တူးမြောင်း ပိတ်သိမ်းခဲ့မှုကြောင့် ကမ္ဘာ့ ထောက်ပံ့ရေးကွင်းဆက်ကို ထိခိုက်စေခဲ့ပါကြောင်း၊ မလက္ကာရေလက် ကြားတွင် မတော်တဆမှုများ ဖြစ်ပွားမှုမြင့်တက်နေသည်ဟု အမည်ဆိုးဖြင့် ကျော်ကြားခဲ့ပါကြောင်း၊ ယင်းအချက်တွင် ကုန်းမြေချိတ်ဆက်စီမံကိန်းသည် ကမ္ဘာ့ကုန်သွယ်မှုအတွက် လုံခြုံသောနေရာတွင် တည်ရှိနေသည်ဟု ပြသလျက်ရှိပါကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းကြောင့် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းများနှင့် စက်မှုဆိုင်ရာ ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံသူများအကြား ယုံကြည်မှုရှိစေနိုင်သဖြင့် အာရှ၏ ဆွစ်ဇာလန်ဟု ဖြစ်စေပါကြောင်း၊ ထိုင်းနိုင်ငံသည် သန့်ရှင်းသော စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်မည့် ခိုင်မာသောမူဝါဒရှိပါကြောင်း၊ စွမ်းအင်၏ အနည်းဆုံး တစ်ဝက်ခန့် သန့်ရှင်းသော စွမ်းအင်အဖြစ် ထုတ်လုပ်သုံးစွဲသွားရန် ရည်မှန်းချက် ချမှတ်ပြီးဖြစ်ကြောင်း၊ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ သီရိလင်္ကာနိုင်ငံနှင့် FTA ဆွေးနွေးသွားနိုင်ရေး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ဝန်ကြီးချုပ် Mr. Srettha Thavisin က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် လျှပ်စစ်မော်တော်ကားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒချမှတ်ကာ မက်လုံးပေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင်ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်‌ရေးအတွက် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်း၏ အခြားလမ်းကြောင်းအဖြစ် အသုံးပြုနိုင်မည့် ကုန်းမြေချိတ်ဆက်စီမံကိန်းကို ဇောင်းပေးပြောကြားလျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand