Phillippines

ဖိလစ်ပိုင်နိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနမှ စားနပ်ရိက္ခာဖူလုံရေး အရေးပေါ် ကြေညာချက်အား ထုတ်ပြန်သွားမည်ဖြစ်

Last Updated:

ဖိလစ်ပိုင်နိုင်ငံတွင်း ဆန်ဈေးနှုန်းများဆက်လက်မြင့်တက်နေခြင်းနှင့် စားနပ်ရိက္ခာဖူလုံမှုရှိနေစေရန်တို့အတွက် ကြုံတွေ့နေရသည့်အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်စေရေးအလို့ငှာ အရေးပေါ် စားနပ်ရိက္ခာဖူလုံရေးကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဖိလစ်ပိုင်အမျိုးသားကုန်ဈေးနှုန်းများ ညှိနှိုင်းရေးကောင်စီ (National Price Coordinating Council-NPCC) မှ စားနပ်ရိက္ခာဖူလုံ ရေးအရေးပေါ်ကြေညာချက်ထုတ်ပြန်ခြင်းအပေါ်ထောက်ခံပေးခဲ့ပြီးပြည်တွင်းဈေးကွက်တွင်သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချပေးသွားရန်ဖြစ်ပါသည်။ NPCC ၏ ထောက်ခံချက်အပေါ် အစည်းအဝေး ဆုံးဖြတ်ချက်သည် စိုက်ပျိုးရေးဝန်ကြီးဌာနသို့ ၂၀-၁-၂၀၂၅ ရက်နေ့က ရောက်ရှိခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်ကို စိုက်ပျိုးရေးဝန်ကြီးဌာနမှ ချက်ချင်းပြန်လည်သုံးသပ်သွားမည်ဖြစ်ပြီး ၁-၂-၂၀၂၅ ရက်နေ့ မတိုင်မီ အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

စိုက်ပျိုးရေးဝန်ကြီးဆုံးဖြတ်ရန်အဆင့်သို့ရောက်ရှိနေပြီဖြစ်ပြီး စိုက်ပျိုးရေးဝန်ကြီးသည် သမ္မတမားကို့စ်ဂျူနီယာနှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လက်ရှိတွင် စိုက်ပျိုးရေးဝန်ကြီးဌာနမှလည်း တင်သွင်းလာသည့် ဆန်များ၏ဈေးနှုန်းကို ဈေးကွက်တွင်း သတ်မှတ်ထားသည့်အတိုင်း  တစ်ကီလိုလျှင် ၅၈ ပီဆိုထက်မမြင့်သောဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိကိုလည်း အထူးကြပ်မတ်စစ်ဆေးလျက်ရှိပါသည်။

စစ်ဆေးမှုအစီရင်ခံစာများအရ အချို့သောဈေးများတွင် သတ်မှတ်ဈေးအတိုင်းရောင်းချလျက်ရှိသော်လည်း Guadalupe Commecial Complex နှင့် Pasay Public Market တို့တွင် သတ်မှတ်ဈေး အတိုင်းရောင်းချခြင်းမရှိသည်ကိုတွေ့ရှိရပါကြောင်း၊ နောက်ထပ် ရက်သတ္တပတ် ၂ ပတ်ပြီးလျှင် စိုက်ပျိုးရေးဝန်ကြီးသည် Maximum Suggested Retail Price-MSRP ကို ထပ်မံသုံးသပ်၍ တစ်ကီလို လျှင် ၅၅ ကီလိုထိ လျှော့ချပြီးရောင်းချသွားရန် မျှော်မှန်းထားကြောင်း ဖော်ပြပါရှိပါသည်။ အများဆုံး ကျဆင်းစေမည့် နှုန်းထားအနေဖြင့် တစ်ကီလိုလျှင် ၅၁ မှ ၅၇ ပီဆိုကြားရောက်ရှိစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် ပြည်ပမှတင်သွင်းသည့် ပရီမီယမ်ဆန်အမျိုးအစားမှာ တစ်ကီလိုလျှင် ၅၅ ပီဆို၊ well-milled သည် တစ်ကီလိုလျှင် ၄၈ ပီဆိုနှင့် regular-milled သည် တစ်ကီလိုလျှင် ၄၀ ပီဆို ဖြစ်ပါသည်။

စူပါမားကတ်များနှင့်လည်း ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ပြီး ဆန်ဈေးနှုန်းလျော့ကျစေရန် စိုက်ပျိုးရေးဝန်ကြီးဌာနသည် အစိုးရ၊ ပုဂ္ဂလိက ဈေးများတွင် ဌားရမ်းခများလျှော့ချပေးရေးကိုလည်း စဉ်းစားလျက်ရှိကြောင်းသိရှိရပါသည်။

ကမ္ဘာ့ဆန်ဈေးနှုန်းများ ကျဆင်းနေခြင်း၊ ဖိလစ်ပိုင်နိုင်ငံတွင် ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းထားကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှစတင်၍ လျှော့ချပေးခဲ့သော်လည်း ဈေးကွက်တွင်း ပြည်ပမှတင်သွင်းလာသည့် ဆန်ဈေးနှုန်းများမှာလျှော့ကျခြင်းမရှိပဲ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါသည်။ ထို့အတွက် ပြည်ပမှ တင်သွင်းလာသည့် ဆန်များကို သတ်မှတ်နှုန်းထားဖြင့် ရောင်းချရန် Suggested Retail Price ကိုသတ်မှတ်ပေးခဲ့ပါသည်။

ထို့ပြင် ယခုထပ်မံ၍ အစိုးရမှ စားနပ်ရိက္ခာဖူလုံရေး အရေးပေါ်ကြေညာချက်ကို ထုတ်ပြန်ကြေညာသွားရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ Rice Tariffication Law (2019) အရ ဖိလစ်ပိုင်အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (National Food Authority-NFA) မှ ၎င်းတို့လက်ဝယ်ရှိ ဆန်များကို ပြည်သူများထံသို့ အရေးပေါ် အခြေအနေတွင်သာ ထုတ်ရောင်းချခွင့်ရှိပါသည်။ ထို့ပြင် NFA ၏ ကုန်သိုလှောင်ရုံများတွင်လည်း လက်ကျန်ဆန်ပမာဏ များပြားလျက်ရှိခြင်းနှင့် လာမည့် ရိတ်သိမ်းချိန်တွင် တောင်သူများထံမှ စပါးဝယ်ယူရန်များရှိသဖြင့် ကုန်သိုလှောင်ရုံလွတ်များလည်း လိုအပ်နေသည်ဟု ပြောကြားထားသည်ကို တွေ့ရှိရပါသည်။ ထို့အတွက် ပြည်တွင်းဈေးကွက်တွင်း ဆန်ဈေးနှုန်းများ မြင့်တက်နေခြင်းကို လျှော့ချနိုင်စေရေး NFA ၎င်းတို့၏ ဆန်လက်ကျန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချသွားမည်ဖြစ်သဖြင့် စားနပ်ရိက္ခာဖူလုံရေးအရေးပေါ်ကြေညာချက်အား ထုတ်ပြန်ကြေညာနိုင်ရေး စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

ထို့ပြင် သမ္မတမားကို့စ်ဂျူနီယာမှလည်း စားနပ်ရိက္ခာဖူလုံရေးအရေးပေါ်ကြေညာချက်သည် ယခုကဲ့သို့ အခြေအနေမျိုးတွင် ထုတ်ပြန်သွားရန်မှာ အမှန်တကယ် လိုအပ်ကြောင်း ၁၇-၁-၂၀၂၅ ရက် နေ့က မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines