Korea

၂၀၂၃ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံတွင် သစ်သီးဈေးနှုန်းများ မြင့်မားခဲ့သည့်အတွက် ပြည်ပမှအေးခဲသစ်သီးများ တင်သွင်းမှု မှတ်တမ်းတင်ဖွယ် မြင့်မားခဲ့

Last Updated:

၂၀၂၃ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံတွင် သစ်သီးဈေးနှုန်းများ မြင့်မားခဲ့သည့်အတွက် ပြည်ပမှ အေးခဲသစ်သီးများ တင်သွင်းမှုသည် မှတ်တမ်းတင်ဖွယ် မြင့်မားခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံ၊ ကျေးလက်ဒေသစီးပွားရေးတက္ကသိုလ် (Korea Rural Economic Institute) က ထုတ်ပြန်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်အတွင်း ပြည်ပမှ အေးခဲသစ်သီးတင်သွင်းမှုသည် ၆ ရာခိုင်နှုန်း မြင့်မားလာခဲ့ပြီး တန်ချိန် ၆၄,၀၀၀ အထိရောက်ရှိခဲ့ပါကြောင်း၊ ပြည်တွင်း၌ ထွက်ရှိသော သစ်သီးများရောင်းလိုအား လျော့ကျပြီး ဈေးနှုန်းမြင့်မားမှုရာခိုင်နှုန်း ကြီးမြင့်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ စားသုံးသူများတတ်နိုင်သည့် ဈေးနှုန်းတွင်ရှိနေသည့် အေးခဲသစ်သီးများကို ဝယ်လိုအားမြင့်မားလာသည့်အတွက် ဝယ်ယူတင်သွင်းမှု မြင့်မားရခြင်းဖြစ်ပါကြောင်း Korea Rural Economic Institute ၏ အစီရင်ခံစာတွင် ဖော်ပြထားပါ သည်။

ပြည်တွင်း၌ထွက်ရှိသော သစ်သီးများအနက် ပန်းသီးဈေးနှုန်းသည် ၂၄.၂ ရာခိုင်နှုန်း မြင့်မားလာခဲ့ပြီး လိမ္မော်သီးဈေးနှုန်းသည် ၁၉.၁ ရာခိုင်နှုန်း မြင့်မားလာခဲ့ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းထွက်ကုန်များ ဈေးနှုန်းသည်လည်း ၃.၁ ရာခိုင်နှုန်း မြင့်မားခဲ့ပါကြောင်း Korea Rural Economic Institute ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

အဆိုပါ Institute က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် စားသုံးသူဦးရေ ၅၀၀ ကို စစ်တမ်းကောက်ယူခဲ့မှုအရ ၃၈ ရာခိုင်နှုန်းသော စားသုံးသူများသည် အေးခဲသစ်သီးများကို ကြာရှည်ခံ ထိန်းသိမ်းထားရန် လွယ်ကူသည့်အတွက် ဝယ်ယူခြင်းဖြစ်ပါကြောင်း ဖြေကြားခဲ့ကြပြီး ၂၂ ရာခိုင်နှုန်းသော စားသုံးသူများကမူ ဈေးနှုန်း ပိုမိုသက်သာသည့်အတွက် ဝယ်ယူခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ အေးခဲသစ်သီးများအနက် အေးခဲဘလူးဘယ်ရီသီးကို နှစ်သက်သူ ၃၀ ရာခိုင်နှုန်းရှိပြီး အေးခဲသရက်သီးနှစ်သက်သူ ၂၂ ရာခိုင်နှုန်းရှိပါကြောင်း Korea Rural Economic Institute ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

 

 

Source: https://www.koreatimes.co.kr/www/biz/2024/02/175_368971.html

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea