Thailand

ထိုင်းကုမ္ပဏီများကို ဟောင်ကောင်တွင် ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် ဖိတ်ခေါ်သည့် ရင်းနှီးမြှုပ်နှံမှု Roadshow တစ်ခု ကျင်းပခဲ့

Last Updated:

Startup အပါအဝင် ထိုင်းကုမ္ပဏီများကို ဟောင်ကောင်တွင် ရင်းနှီးမြှုပ်နှံရန် အားပေးဖိတ်ခေါ် သည့် ရင်းနှီးမြှုပ်နှံမှု Roadshow တစ်ခုကို Invest Hong Kong (InvestHK)က ကြီးမှူး၍ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ထိုင်း ကုမ္ပဏီများသည် လုပ်ငန်းနယ်ပယ်အသီးသီးတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် အလားအလာရှိ သောကြောင့် အရှေ့တောင်အာရှနိုင်ငံများအနက် ထိုင်းနိုင်ငံကို ပထမဆုံးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းလုပ်ငန်းရှင်များသည် ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား ကြပါကြောင်း၊ ဗီယက်နမ်တွင်လည်း ရင်းနှီးမြှုပ်နှံမှု Roadshow တစ်ခု ကျင်းပသွားမည် ဖြစ်ကြောင်း၊ ဟောင်ကောင်အာဏာပိုင်များက ထိုင်းလုပ်ငန်းရှင်များကို လက်လီ/လက်ကား၊ ထောက်ပံ့ပို့ဆောင်ရေး၊ ရုပ်ရှင်ကဲ့သို့သော ဖန်တီးမှုနှင့်ဆိုင်သည့် လုပ်ငန်းများနှင့် ဘဏ္ဍရေးနည်းပညာနယ်ပယ်များတွင် ရင်းနှီး မြှုပ်နှံစေလိုကြောင်း InvestHK ၏ ညွှန်ကြားရေးမှူးချုပ် Ms. Alpha Lau က ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ဟောင်ကောင်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၅ ရာခိုင်နှုန်း တိုးတက်ရန် ခန့်မှန်းထားပြီး ဟောင်ကောင်၏စီးပွားရေးကို ၂.၅ ရာခိုင်နှုန်းမှ ၃.၅ ရာခိုင်နှုန်း တိုးတက်ရန် ခန့်မှန်းထားပါကြောင်း၊ လက်ရှိတွင် ဟောင်ကောင်၌ ထိုင်းကုမ္ပဏီ ၄၁၂ ခုသည် လက်လီ၊ Spa၊ အစားအစာနှင့် အဖျော်ယမကာ စသည့် လုပ်ငန်းများ၌ လုပ်ကိုင်နေကြပါကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဟောင်ကောင်စီးပွားရေးနှင့် ကုန်သွယ်ရေးရုံး ညွှန်ကြားရေးမှူး Parson Lam က ဖြည့်စွက်ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် InvestHK က Office for Attracting Strategic Enterprises (OASE) ကို တည်ထောင်ခဲ့ပါကြောင်း၊ ယင်းနောက် နိုင်ငံအများအပြားမှ ကုမ္ပဏီ ၃၀ ခန့်က ၎င်းတို့၏ လုပ်ငန်းများ ကို ဟောင်ကောင်တွင် ချဲ့ထွင်ရန် ဆုံးဖြတ်ခဲ့ကြပါကြောင်း၊ ထိုင်းနိုင်ငံမှ Big C စူပါမားကတ်က ဟောင် ကောင်မှ စီးပွားရေးမိတ်ဖက်နှင့်ပူးပေါင်း၍ စူပါမားကတ် ၂၉ ခုထိ ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်အတွင်း စူပါမားကတ် ၉၉ ခု ထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံမှ ၁၃ ဘီလီယံကြားရှိကြောင်း သိရှိရပါသည်။

 

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့

 

Category: Thailand