Phillippines

ဖိလစ်ပိုင်နိုင်ငံမှ ကြက်သွန်နီတင်သွင်းမှုအား ဇူလိုင်လကုန်ထိ ရပ်ဆိုင်းသွားမည်ဖြစ်

Last Updated:

ဖိလစ်ပိုင်နိုင်ငံတွင် ပြည်တွင်း ကြက်သွန်နီလက်ကျန်ပမာဏ လုံလောက်မှုရှိနေပြီး ဈေးနှုန်းလည်း တည်ငြိမ်နေသည့်အတွက် ကြက်သွန်နီတင်သွင်းမှုအား ဇူလိုင်လအထိ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးမှ ၂၀-၅-၂၀၂၄ ရက်နေ့က ထုတ်ပြန်ပြောကြားခဲ့ပါသည်။ ကြက်သွန်နီ အအေးခန်းသိုလှောင်ထားရှိမှုအခြေအနေမှာလည်း သတ်မှတ်ထားသည့် ပမာဏတွင် ရောက်ရှိနေပြီဖြစ်ပြီး လက်လီဈေးကွက် ဈေးနှုန်းမှာလည်း ကျဆင်းနေသဖြင့် တင်သွင်းမှုရပ်ဆိုင်းခြင်းကို သက်တမ်းထပ်မံတိုးမြှင့်ရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကြက်သွန်နီသိုလှောင်ထားရှိသည့် ကုန်သည်များကြောင့် ပြည်တွင်းကြက်သွန်နီ လိုအပ်ချက်ဖြစ်ပေါ်လာခြင်း၊ ဈေးနှုန်းမြင့်တက်လာခြင်းတို့ ကြုံတွေ့ပြီး လိုအပ်လာပါက တင်သွင်းမှုအား တဖန်ပြန်လည်ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် ဈေးကွက်အခြေအနေအား မျက်ခြေမပြတ်စောင့်ကြည့်နေပါကြောင်း ပြောကြားထားပါသည်။

ပြီးခဲ့သော ဇန်နဝါရီလက စိုက်ပျိုးရေးဝန်ကြီးဌာနမှ  ပြည်တွင်းလိုအပ်ချက် ပြည့်မီနေသေးသဖြင့် ကြက်သွန်နီတင်သွင်းခြင်းကို မေလကုန်ထိ ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ခဲ့ပြီး ယခုထပ်မံ၍ ဇူလိုင်လထိ သက်တမ်းတိုး ထုတ်ပြန်ခြင်းဖြစ်ပါသည်။ ကြက်သွန်နီ စိုက်ပျိုးရိတ်သိမ်းမှုပမာဏနှင့် တင်သွင်းခဲ့သည့် ၉၉ တန်ချိန်တို့အားပေါင်းပါက ပြည်တွင်းကြက်သွန်နီလက်ကျန် ပမာဏမှာ ပိုလျှံနေပြီဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

စိုက်ပျိုးရေးဝန်ကြီးဌာနမှ နောက်ဆုံးစောင့်ကြည့်ခဲ့မှု အခြေအနေအရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ တင်သွင်းခွင့်ပြုခဲ့သည့် ကြက်သွန်နီများသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းလည်းတည်ငြိမ်နေပါကြောင်း၊ ကြက်သွန်နီ လက်လီဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို ၆၀ မှ ၇၀ ကြား (အမေရိကန်ဒေါ်လာ ၁.၂၀ ဝန်းကျင် ခန့်) ရှိပြီး ကြက်သွန်ဖြူဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို ၆၀ ခန့် ရှိပါကြောင်း ဖော်ပြပါရှိပါသည်။

၂၀၂၄ ခုနှစ်၊ ပထမ ၃ လပတ်ကာလအတွင် ဖိလစ်ပိုင်နိုင်ငံ၏ ကြက်သွန်နီ စိုက်ပျိုးထွက်ရှိမှုမှာ မက်ထရစ်တန်ချိန် ၂ သိန်းကျော် (201.25 thousand MT) ခန့်ရှိခဲ့ကြောင်း ဖိလစ်ပိုင် စာရင်း အင်းအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။ ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၃၆.၈% ထိမြင့်တက်ခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးရေးဝန်ကြီးဌာနမှလည်း ကြက်သွန်နီစိုက်ပျိုးမှုကို ၄၀% ထိ တိုးမြင့်ခဲ့ခြင်းဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

 

 

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines