Thailand

ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ရည်ရွယ်၍ ဘူတန်ဝန်ကြီးချုပ် ထိုင်းနိုင်ငံသို့ ခရီးစဉ်လာရောက်ရန်ရှိ

Last Updated:

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Mr. Srettha Thavisin ၏ ဖိတ်ကြားချက်အရ ဘူတန်ဝန်ကြီးချုပ် Mr. Dasho Tshering Tobgay နှင့် ၎င်း၏ ဇနီးဖြစ်သူတို့ ဇွန်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ ခရီးစဉ်လာရောက်ရန်ရှိကြောင်း သိရှိရပါသည်။

Mr. Dasho Tshering Tobgay ဇန်နဝါရီလအတွင်း ဒုတိယအကြိမ် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခြင်းခံရပြီးနောက် ပထမဆုံးခရီးစဉ်ဖြစ်ပြီး ဗုဒ္ဓဘာသာနှစ်နိုင်ငံကြား ၃၅ နှစ်မြောက် သံတမန်ဆက်ဆံရေး အထိမ်းအမှတ်အဖြစ်လာခြင်းဖြစ်ကြောင်း၊ ၎င်း၏ခရီးစဉ်သည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ သန့်ရှင်းသောစွမ်းအင်နှင့် လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် မိတ်ဖက်ဆက်ဆံရေးကို တိုးတက်စေရန်ဖြစ်ကြောင်း၊ အရေးကြီးသော ရင်းနှီးမြှုပ်နှံမှုရှုထောင့်အဖြစ် ဘူတန်၏ စီးပွားရေးအချက်အချာဖြစ်သော Gelephu Mindfulness City ကို ဦးစားပေးဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဘူတန်ဝန်ကြီးချုပ်သည် ဇွန် ၂၆ ရက်နေ့တွင် အစိုးရအိမ်တော်သို့ သွားရောက်မည်ဖြစ်ပြီး ထိုင်းနှင့် ဘူတန်လုပ်ငန်းရှင်များအကြား စာချုပ်ချုပ်ဆိုပွဲတွင် သက်သေအဖြစ်‌ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ ပုဂ္ဂလိကနှင့် ခရီးသွားလုပ်ငန်းကဏ္ဍမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ချူလာလောင်ကွန်းတက္ကသိုလ်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand