Thailand

ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနက် ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၁၉.၈၉ ဘီလီယံဖြင့် ထိပ်ဆုံးမှ ရပ်တည်

Last Updated:

ယခုနှစ် ပထမ ၇ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ဘတ် ၅၈.၉ ဘီလီဘံထိ မြင့်တက် လာကြောင်း၊  ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံ ၅ နိုင်ငံမှာ ဂျပန် (ဘတ် ၁၉.၈၉ ဘီလီယံ)၊ စင်ကာပူ (ဘတ် ၁၂.၉၂ ဘီလီယံ)၊ တရုတ် (ဘတ် ၁၁.၅၅ ဘီလီယံ)၊ အမေရိကန် (ဘတ် ၃ ဘီလီယံ)နှင့် ဂျာမနီ (ဘတ် ၁.၂၉ ဘီလီယံ) အသီးသီးဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ ထိုင်းနိုင်ငံသား ၃,၅၉၄ ဦးအတွက်  အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခဲ့ကြောင်း အစိုးရ၏ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Ms. Rachada Dhnadirek က ပြောကြားခဲ့ပါသည်။

 ဇူလိုင်လ ၁ လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဘတ် ၁၀ သန်း အတွက် ခွင့်ပြုပေးခဲ့ပြီး ၃၇၂ ဦးအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏ အရှေ့ဘက်ပင်လယ်ပြင်၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ပြေးစီမံချက် တစ်ခုဖြစ်သည့် Eastern Economic Corridor (EEC) တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြပါကြောင်း၊ EEC တွင် ရင်းနှီးမြှုပ်နှံမှု ဘတ် ၁၂.၃၄ ဘီလီယံဖြစ်ပြီး ဂျပန်၊ တရတ်နှင့် တောင်ကိုရီးယားတို့ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းအမျိုးအစားများမှာ စီမံခန့်ခွဲမှုနှင့် ထုတ်လုပ်မှုအတွက် အကြံပေးလုပ်ငန်း၊ စက်မှုနှင့် နည်းပညာဝန်ဆောင်မှုများ၊ ယန္တရားများ ထုတ်လုပ်ခြင်းအတွက် တစ်ဆင့်ခံ ကန်ထရိုက်ဝန်ဆောင်မှုများ၊ ယန္တရား အစိတ်အပိုင်းများနှင့် မော်တော်ယာဉ်အစိတ်အပိုင်း လုပ်ငန်းများ ဖြစ်ကြောင်း၊ နိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံသူများ ဆွဲဆောင်ရာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အဆင်ပြေချောမွေ့စေသည့် အစိုးရ၏ မူဝါဒသည် အရေးကြီးသောအချက်ဖြစ်ပါကြောင်း ဖြည့်စွက် ပြောကြားပါသည်။

၎င်းအပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံအတွက် အခွန်၊ နိုင်ငံသားများအတွက် အလုပ်အကိုင်များ၊ ဈေးကွက်ဆိုင်ရာ နည်းပညာနှင့် ဗဟုသုတများကိုလည်း ရရှိစေနိုင်ပါကြောင်း၊ ယခင်နှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဘတ် ၁၂၉ ဘီလီယံရှိခဲ့ကြောင်း၊ ယခုနှစ်အတွင်း အနည်းဆုံး ဘတ် ၁၀၀ ဘီလီယံအထိ ရရှိနိုင်ရန် ခန့်မှန်း ထားကြောင်း သိရှိရပါသည်။ 

 

 

 

Source: www.bangkokpost. gov

( စီးပွားရေးသံမှူး၊  ဗန်ကောက်မြို့)  

Category: Thailand