Thailand

ထိုင်းနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား ကုန်သွယ်ရေးဆိုင်ရာ စာချုပ်လက်မှတ်ထိုး

Last Updated:

ထိုင်းနိုင်ငံသည် ထောက်ပံ့ပို့ဆောင်ရေး (Logistics) နှင့် နယ်စပ်ဖြတ်ကျော် e-commerce စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို ဖြန့်ကျက်နိုင်ရန် ရည်ရွယ်၍ တရုတ်နိုင်ငံ၊ ယူနန် ပြည်နယ်နှင့် mini FTA လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယင်းစာချုပ်ကို တရုတ်နိုင်ငံ ယူနန်တွင် ကျင်းပခဲ့သည့် မဲခေါင်ဒေသခွဲ ဥက္ကဋ္ဌများ ဖိုရမ် (GMS Governors Forum) တွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနနှင့် ယူနန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များအကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း Mr. Phusit Ratanakul က ပြောကြားခဲ့ပါသည်။

ယင်းစာချုပ်ကြောင့် ထိုင်းနိုင်ငံသည် ကမ္ဘာနှင့်အဝှမ်း လယ်ယာထုတ်ကုန်များနှင့် အရေးပါသော အစားအသောက်ထုတ်ကုန်များ၏ တင်ပို့သူအဖြစ် ထင်ပေါ်စေပြီး အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ကြောင်း၊ တရုတ်သို့ အသီးများနှင့် ပြုပြင်ပြီးအသီးများ တင်ပို့မှုကိုလည်း မြင့်တက်စေမည် ဖြစ်ကြောင်း၊ ထိုင်းနှင့် တရုတ်အစိုးရတို့အကြား စီးပွားရေးအရ တိုးတက်မှုကိုလည်း ပြသနေပါကြောင်း၊ ထိုင်းနိုင်ငံသည် တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် ကိုရီးယားတို့နှင့် mini FTA (၈) ခုကို လက်မှတ်ရေးထိုးထားကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ထိုင်း ပုဂ္ဂလိကကဏ္ဍနှင့် ယူနန်မှ မိတ်ဖက်များအကြားလည်း စာချုပ်များ လက်မှတ်ရေးထိုးကြပါကြောင်း၊ နှစ်ဖက် ပုဂ္ဂလိက ကဏ္ဍတို့၏ ပူးပေါင်းဆောင်ရွက်မှုကိုလည်း မြင်တွေ့နိုင်ပါကြောင်း၊ ဩဂုတ်လ ၁၆ ရက်နေ့တွင် နှစ်နိုင်ငံမှ ကုမ္ပဏီများက တရုတ်ဈေးကွက်သို့ ထိုင်းထုတ်ကုန်များ တိုးမြှင့်ထိုးဖောက်နိုင်ရေး နယ်စပ်ဖြတ်ကျော် e-commerce အတွက် ညှိနှိုင်းရန် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထိုင်းနှင့် တရုတ်ကို တရုတ်-လာအို အမြန်ရထားလမ်းပေါ်မှ ရထားလမ်းတစ်ခုဖြင့် ချိတ်ဆက်ရန်အတွက် ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီ ၂ ခုသည်လည်း လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဖြည့်စွက်ပြောကြားပါသည်။

၂၀၂၂ ခုနှစ်တွင် ယူနန်၏ GDP သည် ယွမ် ၂.၈၉ ထရီလီယံဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အနောက်တောင်ဘက် ပြည်နယ်တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံနှင့် နီးကပ်ပါကြောင်း၊ တရုတ်နိုင်ငံ၊ အနောက် ပိုင်းမှ အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် တောင်အာရှဒေသများသို့ ချိတ်ဆက်ပေးသည့် အဓိကအရေးပါသော ဝင်ပေါက်တစ်ခုဖြစ်ကြောင်း၊ ပြည်နယ်တွင်း ဖွံ့ဖြိုးတိုးတက်မှုသည် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းနှင့် ရထားလမ်းကြောင်းတို့အပါအဝင် ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးအပေါ် အဓိကထားသည့် “One Belt, One Road” နှင့် ကိုက်ညီပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ထိုင်းနှင့် ယူနန်တို့အကြား ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂.၃၄ ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

 

 

Source: www.bangkokpost. gov

 ( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand