USA

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့် ရွေးချယ်သည့်စွမ်းအင်ဝန်ကြီးမှာ Fracking နည်းဖြင့် ရေနံ တူးဖော်မှုကိုထောက်ခံသူတစ်ဦးဖြစ်ကာ ရာသီဥတုပြောင်းလဲမှုကို အယုံအကြည်မရှိသူတစ်ဦးလည်းဖြစ်

Last Updated:

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်သည် Liberty Energy ၏အမှုဆောင်အရာရှိချုပ် Mr. Chris Wright အား စွမ်းအင်ဝန်ကြီးအဖြစ် ၁၆-၁၁-၂၀၂၄ ရက်တွင် ရွေးချယ်ခဲ့ပါသည်။ Mr. Chris Wright သည် Fracking နည်းဖြင့် ရေနံတူးဖော်ထုတ်လုပ်မှုကို အားပေးသူတစ်ဦးဖြစ်ပြီး အမေရိကန် နိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမြင့်မားလာစေရန် ဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း၊ ၎င်း၏ အမေရိကန်ဒေါ်လာ (၂.၈)ဘီလီယံတန်ဖိုးရှိ Liberty Energy စွမ်းအင်ကုမ္ပဏီသည် Fracking နည်းဖြင့် ရေနံတူးဖော်ရန်မြေအောက်ရှိ ရေနှင့်သဲတို့ကို စုပ်ထုပ်လျက်ရှိကြောင်း၊ ၎င်းသည် ကမ္ဘာ့လူဦးရေအများစု၏ စီးပွားရေး၊ ကျန်းမာရေးနှင့် အခွင့်အလမ်းများ တိုးတက်ရန်အတွက် သဘာဝလောင်စာ (Fossil fuel) အသုံးပြုမှုကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားခြင်းဖြင့် လူသိများလာသူတစ်ဦးဖြစ်ကြောင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် ဟိုက်ဒရိုကာဗွန်အသုံးပြုမှုကို အလုံးစုံအစားထိုးလုပ်ဆောင်နိုင်ခြင်းမရှိဟုဆိုသူတစ်ဦးလည်းဖြစ်ကြောင်း သိရှိရပါသည်။ North Face အမှတ်တံဆိပ်အဝတ်အထည်ကုမ္ပဏီက ၎င်း၏အင်္ကျီတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီတစ်ခု၏ ကုမ္ပဏီတံဆိပ်ထည့်သွင်းရိုက်နှိပ်၍ ရောင်းချရန်ငြင်းပယ်ခဲ့ခြင်းအပေါ်   Mr. Chris Wright က အမေရိကန်နိုင်ငံ၊ ဒန်ဗာမြို့ရှိ ကြော်ငြာ ဘုတ်ကြီးတစ်ခုငှားရမ်းကာ “North Face တံဆိပ်လေအိတ်အင်္ကျီဟာ သင့်ကိုယ်ပေါ်မှာ ကြည့်ကောင်းပါတယ်၊ ဒီအင်္ကျီကို သဘာဝလောင်စာနဲ့ ထုတ်လုပ်တာဖြစ်ပါတယ် (That North Face Puffer looks great on you. And it was made from fossil fuels.” ဟု ရေးသားကြေညာခဲ့သူဖြစ်ကြောင်းလည်း သိရှိရပါသည်။

Mr. Chris Wright က စွမ်းအင်ကဏ္ဍအပေါ်နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချမှုကို စွန့်လွှတ်သင့်သည်ဟု အင်တာဗျူးတစ်ခုတွင်ဖြေကြားခဲ့ပြီး ၎င်းက ဒီမိုကရက်တစ်ပါတီဝင်များသည် ရာသီဥတုပြောင်းလဲမှုအကျပ်အတည်းကို စစ်ပွဲတစ်ခုဟုခေါ်ဆိုပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုခက်ခဲရန် လုပ်ဆောင်လျက်ရှိသည်ဟုလည်း ပြောကြားခဲ့ပါသည်။

စွမ်းအင်ကုမ္ပဏီအမှုဆောင်အရာရှိချုပ် အများစုသည် Exxon ၊ Chevron နှင့် Occidental Petroleum ကုမ္ပဏီတို့နှင့် ဆန့်ကျင်ဘက်သဘောထားများရှိပြီး ယင်းကုမ္ပဏီများက အဆိုပြုသည့် ကာဗွန်ထုတ်လုပ်မှုလျှော့ချခြင်းနှင့် ကာဗွန်ထုတ်လုပ်မှုမရှိသည့်နည်းပညာများအပေါ် အခွန်သက်သာခွင့်များနှင့် မီသိန်းဓာတ်ငွေ့ထုတ်လုပ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကို ဟန့်တားစေသဖြင့်ဆန့်ကျင်ကြခြင်းဖြစ်ကြောင်း၊ Exxon ကုမ္ပဏီ၏ အမှု ဆောင်အရာရှိချုပ် Mr. Darren Woods က ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်၏ မူဝါဒနှင့် ရေနံကုမ္ပဏီကြီးများအကြား မူဝါဒဆိုင်ရာသဘောထားကွဲပြားနိုင်ပြီး ရွေးကောက်ခံသမ္မတအနေဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာပဲရစ်သဘောတူညီချက် (Paris Climate Agreement) မှ ဒုတိယအကြိမ်နုတ်ထွက်ခြင်းမပြုသင့်ဟု ပြောကြားခဲ့ပါသည်။

Mr. Chris Wright နှင့် ၎င်း၏ဇနီးတို့သည် ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများအတွက် အမေရိကန်ဒေါ်လာ (၅၄၀,၀၀၀) ထည့်ဝင်ခဲ့ကြောင်း သိရှိရပါသည်။  ထို့အပြင် Mr. Chris Wright သည် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်နှင့်နီးစပ်သူ Continental Resources ကုမ္ပဏီတည်ထောင်သူသန်းကြွယ်သူဌေး Mr. Harold Hamm နှင့် ရင်းနှီးသူတစ်ဦးဖြစ်ရာ Mr. Harold Hamm ၏အကြံပြုချက်ကြောင့် ၎င်းအားစွမ်းအင်ဝန်ကြီးအဖြစ် ရွေးကောက်ခံသမ္မတက ရွေးချယ်ခံခြင်းဖြစ်ကြောင်း သိရှိရပါသည်။ Mr. Chris Wright သည် မန်ဆာချူးဆက်နည်းပညာ တက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် Liberty Energy ကို တည်ထောင် ခဲ့ကြောင်း၊ စွမ်းအင်လုပ်ငန်းများနှင့်ပတ်သက်၍ ကာကွယ်ပြောဆိုသည့်ရုပ်သံလိုင်းအစီအစဉ်များတွင် မကြာခဏ ပါဝင်ဆွေးနွေးသူတစ်ဦးဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ၎င်း၏  LinkedIn အကောင့်၌ “ရာသီဥတုပြောင်းလဲမှု အကျပ်အတည်းမရှိသကဲ့သို့ သန့်စင်သောစွမ်းအင်အသုံးပြုမှုသို့ ကူးပြောင်းခြင်းလဲမရှိ” ဟု ၎င်းအနေဖြင့်ယုံကြည်ကြောင်း ဗွီဒီယိုအတိုတစ်ခုကိုလွှင့်တင်ခဲ့ရာ LinkedIn ကုမ္ပဏီက ယင်းဗွီဒီယိုကိုဖြုတ်ချခဲ့ကြောင်း၊ ယင်းသို့ဖြုတ်ချခဲ့ခြင်းနှင့်ပတ်သက်၍ ၎င်းက Microsoft ကုမ္ပဏီပိုင်စီးပွားရေးလုပ်ငန်းများသည် စွမ်းအင်နှင့်ရာသီဥတုဆိုင်ရာ မှားယွင်းသည့်အကြောင်းအရာများကို ကာကွယ်ပေးနေသည်ဟုဝေဖန်ခဲ့ကြောင်း၊ ထို့နောက်တွင် LinkedIn အား ၎င်း၏ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ခဲ့ပြီးနောက် ၎င်းတို့၏မူဝါဒနှင့် ဆန့်ကျင်မှုမရှိဟု LinkedIn  ဆုံးဖြတ်ခဲ့ပြီး ဗွီဒီယိုကို ပြန်လည်လွှင့်တင်ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

(ဇစ်မြစ်။   Wall Street Journal)

စီးပွားရေးသံမှူး၊ဝါရှင်တန်ဒီစီ

Category: USA